မိုးကုတ်တွင် လီဆူပြည်သူ့စစ်ဖွဲ့ရန် စစ်အုပ်စုနှင့် TNLA တပ်ဖွဲ့ဝင်ဟောင်း ဦးဂူဆီးတို့ အတင်းအဓမ္မ လူစုနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် TNLA ၏ တပ်ဖွဲ့ဝင်ဟောင်း ဦးဂူဆီးဆိုသူ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ စစ်အုပ်စုထံ ပူးပေါင်းသွားပြီးနောက် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် လီဆူပြည်သူ့စစ် တပ်ဖွဲ့သစ် ဖွဲ့စည်းရန် အတွက် တပ်သားဟောင်းများနှင့် မိသားစုဝင်များကို အတင်းအဓမ္မ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

တအာင်းတပ် TNLA တပ်မဟာ (၃) လက်အောက်ခံတပ်မှ တပ်ဖွဲ့ဝင်ဟောင်း လီဆူတိုင်းရင်းသား ဦးဂူဆီး ဦး ဆောင်သည့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းက ကျောက်မဲမြို့အခြေစိုက် စစ်အုပ်စု တပ်ထံ ပူးပေါင်းသွားခဲ့ခြင်း ဖြစ်သည်။

ဦးဂူဆီသည် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် TNLA တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလင်းဝင်အဖွဲ့ကို စစ်အုပ်စုက အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် မိုးကုတ်မြို့ ဗျူဟာကုန်း၌ ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၌ ထပ်မံ၍ အထူးဂုဏ်ပြုပွဲ ကျင်းပခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် မိုးကုတ်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး စစ်အုပ်စု၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) များနှင့် ပူးပေါင်းကာ လီဆူပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန် မိုးကုတ်နှင့် မိုးမိတ် မြို့နယ်အတွင်းရှိ TNLA တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လီဆူတပ်သားဟောင်းများကို လိုက်လံဖမ်းဆီးမှု များ ပြုလုပ်နေခြင်း ဖြစ်သည်။

မိုးကုတ်ဒေသခံတစ်ဦးက “TNLA က တရားဝင် နားခွင့်ပေးထားတဲ့ တပ်သားဟောင်းတွေကို ပြည်သူ့စစ်ထဲ ထည့်ဖို့ လိုက်ဖမ်းနေတာပါ။ တပ်သားဟောင်းကို မတွေ့ရင် မိဘနဲ့ သားသမီးတွေကို ပြန်ပေးဆွဲ သဘောမျိုး အစားထိုး ဖမ်းဆီးသွားတာတွေ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုးမိတ်မြို့နယ် ဘော်ဒေနှင့် အောင်မြင်ကျေးရွာတို့မှ TNLA တပ်သားဟောင်း ၁၅ ဦးခန့်နှင့် မိသားစု ဝင် အစားထိုး ဖမ်းဆီးခံရသူ ၃၆ ဦးခန့်၊ စုစုပေါင်း ၅၁ ဦးကို မိုးကုတ်မြို့ရှိ ယာယီပြည်သူ့စစ်စခန်း၌ ခေါ်ဆောင် ထိန်းချုပ်ထားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

အခြားမိုးကုတ်မြို့ခံတစ်ဦးက “အခုက ဘယ်လောက်တောင်ဆိုရင် အရင်က TNLA လက်အောက်မှာ လုပ်ခဲ့ပြီးမှ အခုက အိမ်မှာ မရှိကြဘူး၊ အဝေးတစ်နေရာမှာ စီးပွားရေးသွားလုပ်နေတယ်ဆိုရင် အဖေအမေကို ဆွဲသွား တယ်။ ရှင်းရှင်းပြောရရင် ပြန်ပေးဆွဲသဘောမျိုးကို လုပ်နေတာ။ မိုးမိတ်ဆိုရင်လည်း လီဆူလူမျိုးဆိုရင် တစ်အိမ်တစ်ဦး မလုပ်မနေရ အဲ့လိုမျိုးလာနေပြီ။ တို့လီဆူလူမျိုးတွေ မိုးကုတ်ကပဲဖြစ်ဖြစ် မိုးမိတ်ကပဲ ဖြစ် ဖြစ် အားလုံး ဒုက္ခရောက်လာနေပြီ။ အားလုံးသတိနဲ့ နေရနေရတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း PSLF/TNLA နှင့် ပူးပေါင်းခဲ့သည့် ဦးဂူဆီး ဦးဆောင်သော လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်သည် ကတိသစ္စာကို ဖောက်ဖျက်၍ စစ်အုပ်စုထံ ဘက်ပြောင်း ပူးပေါင်းသွားသဖြင့် TNLA နှင့် သက်ဆိုင် ခြင်း မရှိတော့ကြောင်း PSLF/TNLA က အောက်တိုဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အကယ်၍ ၎င်းတပ်ဖွဲ့က မိဘပြည်သူများအပေါ် ဖိနှိပ်စော်ကားပါက ပြည်သူ့ဘက်မှ ရပ်တည်၍ အရေးယူ ဆောင်ရွက်သွား မည်ဟုလည်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမိတ်ဒေသတွင် အခြေပြုသည့် ဂူဆီး ဦးဆောင်သောအဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်သို့ တပ်ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ ကျောက်မဲမြို့အခြေစိုက် စစ်အုပ်စုထံ တပ်ဖွဲ့ဝင် ၅၁ ဦးနှင့် လက် နက် ၄၉ လက်ဖြင့် သွားရောက် လက်နက်ချ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

စစ်အုပ်စုနှင့် ပူးပေါင်းသွားသူ ဦးဂူဆီးမှာ မိုးကုတ်မြို့ ပိတ်ဆွယ်နယ်မြေ (၂) မှ ရဲတပ်သားဟောင်းတစ်ဦးသည်ဟု ဒေသခံများက ပြောသည်။

၎င်းသည် ရဲတပ်ဖွဲ့မှ ထွက်ပြီးနောက် မိုးကုတ်မြို့ ဗျူဟာမှူးနှင့် ပူးပေါင်းကာ ဒေသခံများ၏ ကျောက်လုပ်ကွက် များကို အတင်းအဓမ္မ သိမ်းယူခြင်း၊ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်အုပ်စုနှင့် ပူးပေါင်း၍ တော်လှန်ရေး အဖွဲ့ဝင်များကို ဖမ်းဆီးရမိအောင် ဒုက္ခပေးခြင်းများ ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

နောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ကျောထောက်နောက်ခံဖြင့် လီဆူတပ်ဖွဲ့ကို ဖွဲ့စည်းခွင့်ရရှိခဲ့သော်လည်း အခွင့်အရေးယူ၍ ကိုယ်ကျိုးရှာမှုများကြောင့် တပ်မဟာ (၃) မှ မိုင်းလုံနယ်သို့ ပြောင်းရွှေ့ခံရပြီးနောက် စစ်အုပ်စုထံ အလင်းဝင်သွားခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုနှင့် ဦးဂူဆီး ဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့သည် လီဆူတိုင်းရင်းသားများကို အသုံး ပြု၍ မိုးကုတ်နှင့် မိုးမိတ်နယ်မြေအတွင်း စီမံကိန်းများ ချမှတ် လုပ်ဆောင်ရန် ပြင်ဆင်နေသဖြင့် TNLA လီဆူ တပ်သားဟောင်းများ အနေဖြင့် အထူးသတိရှိစွာ နေထိုင်ကြရန် ဒေသခံများက တိုက်တွန်းထားသည်။

ဓါတ်ပုံ – (မိုးကုတ်မြို့တွင်း ဝင်လာသည့် TNLA တပ်ဖွဲ့ဝင်များကို မြို့ခံများနှင့်အတူ တွေ့ရစဉ်-ပုံဟောင်း / Mai A Hein)