တရုတ်နိုင်ငံ၌ မူကြိုကျောင်းသား ၂၀၀ ကျော်အား ခဲဆိပ်သင့်စေခဲ့သည့် ကျောင်းပိုင်ရှင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

တရုတ်နိုင်ငံ ကန်စု (Gansu) ပြည်နယ်ရှိ မူကြိုကျောင်းတစ်ကျောင်း၌ ကျောင်းသား ၂၀၀ ကျော်အား ခဲဆိပ်သင့်စေခဲ့သည့် အစားအသောက်များ ကျွေးမွေးခဲ့မှုနှင့် ပတ်သက်၍ မူကြိုကျောင်းပိုင်ရှင်ဖြစ်သူအား တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

ကန်စုပြည်နယ် တန်းရွှေမြို့ရှိ ဟဲရှီဖေရှင်း မူကြိုကျောင်းပိုင်ရှင် လီဟွေဖန်း (Li Huifang) သည် စားသောက်ဖွယ်ရာများ ပိုမိုသပ္ပာယ်၍ ကျောင်းသားများ ဆွဲဆောင်နိုင်ရေးအတွက် မစားသုံးရဘဲ တားမြစ်ထားသော စက်မှုသုံး ဆေးရောင်များ ပေါင်းထည့် ကျွေးမွေးရန် မီးဖိုချောင် ဝန်ထမ်းများအား ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းက အဆိုပါ မူကြိုကျောင်းမှ ကျောင်းသားနှင့် ဝန်ထမ်း ၂၄၇ ဦးသည် အစားအသောက်များ စားသုံးပြီးနောက် ခဲဆိပ်သင့် ရောဂါလက္ခဏာများ ပြသခဲ့ကြသည်။

ဓာတ်ခွဲစစ်ဆေးချက်များအရ ကလေးများအား ကျွေးမွေးခဲ့သည့် အစားအသောက်များ၌ ပါဝင်သော ခဲဓာတ်သည် အမျိုးသား အစားအသောက် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းထက် အဆပေါင်း ၂,၀၀၀ အထိ အလွန်အမင်း များပြားနေကြောင်း တွေ့ရှိခဲ့ရသည်။

လန့်ကျိုးအလယ်အလတ် ပြည်သူ့တရားရုံးက မူကြိုကျောင်းပိုင်ရှင် လီဟွေဖန်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် ပိုင်ဆိုင်မှု ယွမ် ၅ သိန်း သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့ပြီး၊ ကျောင်းအုပ်ကြီးအား ထောင်ဒဏ် ၁၅ နှစ်နှင့် မီးဖိုချောင် ဝန်ထမ်း ၄ ဦးအား ထောင်ဒဏ် ၆ နှစ်မှ ၈ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။