အီဂျစ်တွင် လွတ်လပ်သည့် သတင်းဌာန Mada Masr အယ်ဒီတာချုပ်၏ အမှုကို ရွှေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

အီဂျစ်နိုင်ငံရှိ ထင်ရှားသည့် လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် Mada Masr (မာဒါ မာဆာ) ၏ အယ်ဒီတာချုပ် လီနာ အက်တာလာ အား ပြန်လည်စစ်ဆေးမည့် အမှုကို ကိုင်ရိုမြို့ တရားရုံးက လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်သည်။

ပြီးခဲ့သည့်လကမှ ၎င်းအား ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၆,၀၀၀ ကျော် ချမှတ်ကာ သတင်းဌာနကို ပိတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီးကိုယ်တိုင် ယခုအမှုကို

ဆက်လက်ကိုင်တွယ်နေခြင်းကြောင့် ဘက်လိုက်မှု ရှိနိုင်သည်ဟုဆိုကာ တရားသူကြီး ပြောင်းလဲပေးရန် ရှေ့နေများက တောင်းဆိုခဲ့သဖြင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းသည် “သတင်းမှား ဖြန့်ဝေမှု” စွဲချက်ဖြင့် ၂၀၂၄ ခုနှစ်က မျက်ကွယ်၌ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသည့် အမှုကို ပြန်လည်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အယ်ဒီတာချုပ် လီနာ အက်တာလာက အချက်အလက် တိကျမှန်ကန်စေရန် စနစ်တကျ သတင်းရယူရေးသားသည့် သတင်းခန်းများကို ဖျက်ဆီးပစ်လိုက်ပါက လူထုအကြားတွင် လုပ်ကြံသတင်းများသာ နေရာယူသွားမည် ဖြစ်သောကြောင့် အစိုးရအတွက်ပါ နစ်နာစေလိမ့်မည် ဖြစ်ကြောင်း သတိပေးပြောကြားထားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ စာရင်းအရ အီဂျစ်နိုင်ငံသည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့် ၁၈၀ တွင် အဆင့် ၁၆၉ အထိ ကျဆင်းနေပြီး သတင်းသမား အနည်းဆုံး ၂၆ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း အချက်အလက် စိစစ်ရေး သတင်းထောက် ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အီဂျစ်အာဏာပိုင်များ၏ လုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်အပေါ် ပြင်းထန်သည့် ထိုးနှက်တိုက်ခိုက်မှု ဖြစ်ကြောင်း သတိပေးထားသည်။