ပြည်ထောင်စု သဘောတူညီချက်များ တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုဟု  UNFC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစု ပင်လုံညီလာခံမှ ပြည်ထောင်စု အစိတ်အပိုင်းအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် အချက် ၃၇ ချက်သည် တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်သည်။

“၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးက အချက် ၃၇ ချက်ကို အတည်ယူခဲ့ကြတာလည်း ရှိပါတယ်။ ဒီဟာက တိုင်းရင်းသားများအားလုံးကို ကိုယ်စားမပြုသလို တစ်တိုင်းပြည်လုံးကိုလည်း လွှမ်းခြုံ မှုမရှိလို့ ဆိုရမှာ ဖြစ်ပါတယ်” ဟု UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ ပြောသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် စတင်ကျင်းပသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) ၏ ဒုတိယအကြိမ် ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီးသူက “နောက်တစ်ခုက ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးမှာ ကျနော်တို့ UNFC အနေနဲ့ တင်သွင်းခဲ့တဲ့ ဖက်ဒရယ်နှင့် လုံခြုံရေးဆိုင်ရာ မူဝါဒတွေဟာ ဘယ်ကိုရောက်သွားသလဲ မေးစ ရာရှိပါတယ်။ ဒီဟာကို လူထုနည်းအားဖြင့် ပြန်လည်ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ နည်းနာရှာကြဖို့ လိုပါတယ်။” ဟု ပြောသည်။

အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ NLD အစိုးရအနေဖြင့် လူထုက ရွေးချယ် တင်မြှောက် လိုက်သည့် ဒီမိုကရေစီ အစိုးရဟု ဆိုသော်လည်း လုပ်ကိုင်ခွင့် အာဏာများသည် တပ်မတော်၏ လက် ထဲတွင် ရှိနေပြီး လက်တွေ့ အားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်၍မရသည့် အနေအထားတွင်ရောက်ရှိနေသည်ကို လူထုပရိတ်သတ် အပေါင်းလည်း သိရှိနားလည်ထားကြပြီး ဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံအဖြစ် ပေါ်ပေါက်လာဖို့ရန်  တိုင်းရင်းသားများအနေဖြင့် အခက်အခဲများကြားမှ ဆက်လက် တိုက်ပွဲဝင်ရမည်ဟု ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“ကျနော်တို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးကိုနော ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တယ်။ ဒီနိုင်ငံကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ အဲဒါ ဖြစ်ပေါ် လာဖို့ အတွက်ဆိုတဲ့ နေရာမှာ ကျနော်တို့ကတော့ အခက်အခဲ အမျိုးမျိုးကြားမှာ တိုက်ပွဲဝင်သွား ကြ ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က လက်နက်ကိုင်အင်အားကိုလည်း လက်နက်ကိုင် တိုက်ပွဲကိုလည်း ကျနော်တို့က အခိုင်အမာဆုတ်ကိုင် ထားရမှာ ဖြစ်သလို စားပွဲခုံပေါ်မှာ ညှိနှိုင်းပြီးတော့မှ တိုက်ပွဲဝင်ရ မယ့် ကိစ္စမှာလည်း ကျနော်တို့ကတော့ အားကောင်းကောင်းနဲ့ ကျနော်တို့ကတော့ ဆက်လက် ပြီးတော့ တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။”

မြန်မာပြည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံး  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မလာပါက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ၏ အားလုံးပါဝင်ရေး မူအရ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ များနှင့် ပူးပေါင်းရခြင်းဖြစ်သည်ဟု KIO ဒု-ဌက္ကဋ္ဌ မှ ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA သည် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နှုတ်ထွက်ခွင့် တောင်းခံထားသည့် အဖွဲဖြစ်ပြီး ယခုကျင်းပနေသည့် UNFC ၏ ဒုတိယအကြိမ် ညီလာခံတွင် နှုတ်ထွက်ခွင့်ပြု၊ မပြု ဆုံးဖြတ်မည်ဟု သိရသည်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပထမပိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး ဒုတိယပိုင်းအဖြစ် ဇွန်လ ၂၇ ရက်နေ့မှ ၂၉  ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအားလုံးနှင့်အတူ နိုင်ငံရေး ပါတီများပါ ဖိတ်ခေါ်ထားသည်ဟု သိရသည်။