UNFC ခေါင်းဆောင်သစ် ရွေးချယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၂၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ခေါင်းဆောင်မှု အသစ်ကို ဖွန်လ ၂၆ ရက်နေ့က အသစ် ပြန်လည် ရွေးချယ်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၂၀ မှစ၍ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး တပ်ပေါင်းစုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ ဒုတိယအကြိမ် ညီလာခံတွင် လက်ရှိ နိုင်ငံရေး စစ်ရေး အခြေအနေများနှင့် ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီးနောက် ရှေ့လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ခေါင်းဆောင်သစ်များ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
UNFC ဥက္ကဌ အဖြစ် မွန်ပြည်သစ်ပါတီ NMSP မှ နိုင်ဟံသာ၊ ဒုဥက္ကဌ အဖြစ် ရခိုင်အမျိုးသား ကောင်စီ ANC မှ ဒေါက်တာ ခင်မောင်၊ အထွေထွေအတွင်းရေးမှူး အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခူးဦးရယ်၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP မှ ဗိုလ်မှူးကြီး စေအွန် ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ အဖြစ် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU မှ ဗိုလ်မှူးကြီး ဆော်လမွန် တို့ကိုရွေးချယ်ခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ဗိုလ်ချူပ် ဘီထူး၊ နိုင်အောင်မငေး၊ ဦးထွန်းဇော် နှင့် ဗိုလ်မှူးကြီး မင်းထွန်း တို့ကို ရွေးချယ်ခဲ့ကြသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ယခင်က ကောင်စီဝင် ၂၃ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၂ ဦး ဖြင့် ဖွဲ့စည်းထားခဲ့ရာမှ ယခု ညီလာခံတွင် ကောင်စီဝင် ၁၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး ဖြင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့ဝင်သစ်လျှောက်ထားကြသည့် ချင်းအမျိုးသားတပ်ဦး CNF နှင့် ကချင်အမျိုးသားအစည်းအရုံး KNO အဖွဲ့တို့အား UNFC ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန် ဤညီလာခံမှ ဆုံးဖြတ်ခဲ့ကြသည်။
ပထမပိုင်းကျင်းပခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ် ညီလာခံတွင် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA ကိုးကန့် အဖွဲ့၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ ၄ ဖွဲ့ကို နုတ်ထွက်ခွင့်ပြုခဲ့သည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုကရက်တစ် အစည်းရုံး LDU အဖွဲ့ ၅ ဖွဲ့ ပါဝင်သည်။