NCA အပစ်ရပ် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့၏ UPDJC အစည်းအဝေး ထိုင်းနိုင်ငံ၌ ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုး ထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Tarin Hotel တွင် ယနေ့ မနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ထိပ်သီးခေါင်းဆောင်အစည်းအဝေးဆုံးဖြတ်ချက်များ တင်ပြခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းနှင့် ၉ လကြာ ဆောင်ရွက်ခဲ့သည့် NCA အပစ်ရပ် တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့၏ UPDJC လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ခြင်းအပါအဝင် အပစ်ရပ်အဖွဲ့များ၏ ရုံးဖွဲ့စည်းမှု ကိစ္စများကို ဆွေးနွေးသွားကြမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့စတင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး သည် ၁၇ ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။