ကချင်ပါတီများ ပေါင်းရန် ဆုံးဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီ ၃ ပါတီ ပေါင်းစည်းရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီသုံးခုက ပူးတွဲထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့က ကျင်းပသည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ KPCC ၏ ပါတီပေါင်းစည်းရေးဆိုင်ရာ အထူးအစည်းအဝေးကြီးတွင် ပါတီများပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ ကချင်ပါတီတွေ ပေါင်းစည်းရခြင်းက ပါတီတစ်စုတစ်စည်းတည်းဖြစ်ရင် လူထုအတွက်ရော ပါတီအတွက်ရော ကောင်းပါတယ် အဲကြောင့် ပေါင်းစည်းခြင်းဖြစ်တယ်။ နောက်ပြီးမှ ဖြစ်လာတဲ့ ပါတီတွေဟာ အားရှိလာမယ်ဆိုရင် ပြည်နယ်အတွက်ကို ပိုမို လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်” ဟု ကချင်ဒီမိုက ရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်နိုင်ငံရေးပါတီများဖြစ်ကြသည့် ကချင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP နှင့် ကချင်အမျိုးသားကွန်ဂရက် KNC ပါတီတို့သည် အတူတကွပေါင်းစည်းကာ ကချင်နိုင်ငံရေးပါတီကြီးတစ်ရပ် ပူးပေါင်းထူထောင်သွားမည်ဟု ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) ၏ ပါတီပေါင်းစည်းရေးဆိုင်ရာ အထူးအစည်းအဝေးကြီးအပြီး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

မိမိတို့အနေဖြင့် ကချင်ပြည်သူများကို ဦးဆောင်နိုင်မည့် ပါတီကြီးဖြစ်လာဖို့ယုံကြည်ကြောင်း၊ ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရန် ကချင်ပြည်သူများ၏ တိုက်တွန်းချက်ကို မိမိတို့ကလက်ခံခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်သွားမည့် နိုင်ငံရေးရည်မှန်းချက်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ အကြံပေးမှုများရှိမှသာ မိမိတို့လိုချင်သည့် ပန်းတိုင်ကို ရောက်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

ဒါ့အပြင် အတူတကွ ပူးပေါင်းထူထောင်မည့် ပါတီသစ်၏ အမှတ်တံဆိပ်၊ အလံနှင့် အမည်များကို ပြည်သူအားချပြကာ အတည်ပြုချက် ရယူသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ဘာပဲဖြစ်ဖြစ် အခုပေါင်းလာပြီဆိုတော့ ဒီပေါင်းစည်းတဲ့အပေါ်မှာ ပြည်သူတွေကလည်း တစ်ခဲနက် ဝိုင်းဝန်းပြီးတော့မှ အတူတကွ လုပ်သွားမယ်ဆိုရင် ပါတီကလည်းကြီးလာမယ် လူထုအတွက်လည်း ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

၎င်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ကချင်နိုင်ငံရေးပါတီများဖြစ်ကြ သည့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) နှင့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီတို့ ပြန်လည်တွေ့ဆုံကြမည်ဖြစ်သည်။

ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) ၏ ပါတီပေါင်းစည်းရေးဆိုင်ရာ အထူးအစည်းအဝေးကြီးကို မြစ်ကြီးနားမြို့ရှိ YMCA ခန်းမ၌ကျင်းပရာတွင် KPCC အဖွဲ့ဝင် ပါတီများအားလုံး တက်ရောက်ခဲ့ကြပြီး ပါတီပေါင်းစည်းရေးဆိုင်ရာ သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC) တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP နှင့် ကချင်အမျိုးသားကွန်ဂရက် KNC ပါတီတို့အပြင် လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ LNUDP ပါဝင်သည်။

လော်ဝေါ် အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ LNUDP က ပါတီပေါင်းစည်းမှုတွင် မပါဝင်သော် လည်း မဟာမိတ်ပါတီအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“သူကတော့ အခြေအနေအရ မပါလာခြင်းဖြစ်ပါတယ် ဒါပေမယ့် သူတို့နောက်နောင်ကို သူတို့လည်း ပါဝင်ဖို့တော့ သူတို့လိုလားပါတယ်။ လက်ရှိမှာက သူတို့က သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ အမြင်နဲ့တော့ LNUDP ကို မဟာမိတ်ဖွဲ့လိုမျိုး ညီအစ်ကိုပါတီကဲ့သို့ အလုပ်တွေကို အတူတကွ လက်တွဲပြီးတော့ ဆောင်ရွက်သွားမယ်လို့တော့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။”

ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်ကြိုးစားခဲ့ ကြပြီး ၄ နှစ်အကြာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ ယမန်နေ့တွင် ကျင်းပသော ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC) ၏ ပါတီပေါင်းစည်းရေးဆိုင်ရာ အထူးအစည်းအဝေးကြီးကနေ ပါတီများပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ကြသည်။