ICF ရေကာတာ အစည်းအဝေး ရှမ်းသဘာ၀ အဖွဲ့ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၁၈ရက် ၊ ၂၀၁၈ ခုနှစ်။

ကမ္ဘာ့ဘဏ် လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation-ICF) က တောင်ကြီးမြို့တွင် ရေကာတာများ တည်ဆောက်ရန် အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့မှုကို ရှမ်းပြည်နယ်ရှိ မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ရက်က ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

သံလွင်မြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်ချောင်းများပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများနှင့် ပတ်သက်ပြီး ရေကာတာဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ ရေကာတာများတည်ဆောက်ရန် အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးများပြုလုပ်နေခြင်းများအား နိုင်ငံအတွင်းစစ်ရေးပဋိပက္ခမြင့်တက်နေချိန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပိတ်ဆို့နေချိန်တွင် လုံးဝရပ်ဆိုင်းသင့်ကြောင်း ရှမ်းသဘာဝအဖွဲ့က ပြောသည်။

“ကျနော်တို့ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အခုတိုက်ပွဲကြောင့် ရေကာတာအနီးအနားက တိုက်ပွဲကြောင့် ထွက်ပြေးရလူတွေရယ် အဲဒီပဋိပက္ခရှိနေတဲ့ ဧရိယာအတွင်းထဲမှာ တိုက်ပွဲဖြစ်နေတာကို လျစ်လျူရှု့ပြီးတော့ ရေကာတာဆောက်ဖို့ပဲ သူက လုပ်နေတာကတစ်ကြောင်းပေါ့နော အဲဒါတွေကြောင့် ကျနော်တို့က ကန့်ကွက်ရခြင်းဖြစ်တယ်ပေါ့နော” ဟု ရှမ်းသဘာဝအဖွဲ့မှ စိုင်းခေးဆိုင်က ပြောသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာ စီမံကိန်း (၆) ခု တည်ဆောက်ရန်ရှိပြီး ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ရေကာတာ စီမံကိန်း လေးခုရှိနေသည်ဟု ရှမ်းသဘာဝအဖွဲ့ က ပြောသည်။

ရှမ်းပြည်နယ်အတွင်း အဆိုပါ စီမံကိန်းများကြောင့် လူဦးရေ သုံးသိန်းကျော်ခန့် ထိခိုက်နစ်နာမှုများရှိနိုင်သည် ဟု ရှမ်းသဘာဝအဖွဲ့ က ပြောသည်။

“ကွမ်လုံဖက်မှာ ဆိုလို့ရှိရင် ၁၀ ရွာနီးပါးလောက်။ နောက်ပြီးတော့ ဒီနောင်ဖာဆိုလို့ရှိရင် ဒီတန့်ယန်းတို့ ဟိုပန်တို့ အဲဒီတလျှောက် ထိခိုက်ခံရမယ်။ နောက်မိုင်းတုံရေကာတာ ၂ ခုကတော့ သူကများတယ် များတဲ့အတွက်ကြောင့် သူကကွမ်ဟိန်းဒေသထဲက ကွမ်ဟိန်းမြို့နယ်ထဲကရွာတွေ ကာလိမြို့နယ်ထဲကရွာတွေ နောက်မိုင်းပျဉ်းမြို့နယ်ထဲကရွာတွေ နောက်ပြီးတော့ ကင်းလုံး ကင်းတောင်း ကင်းခမ်းဒေသက အဲဒီချိုင့်ဝှမ်းဒေသကရွာတွေကတော့ တော်တော်များတယ် ရာကျော်တွေရှိတာပေါ့နော အဲဒါကျနော်တို့ ရှမ်းပြည်နယ်မှာတင် စုစုပေါင်းရွာက ၂၀၀ ကျော်ကျော်လောက်ရှိနေပြီပေါ့နော။ ပျမ်းမျှကတော့ လူဦးရေတော့ ၃ သိန်းကျော်ပြီပေါ့နော်”

အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ သဘာဝသယံဇာတစီမံခန့်မှုဆိုင်ရာအတွက် ဆွေး နွေးညှိနိုင်းနေသည့်အချိန် ပဋိပက္ခဖြစ်ပွားနေသည့်နယ်နိမိတ်တွင် အစိုးရမှ တစ်ဖက်သတ်ရေကာတာများ တည်ဆောက်နေခြင်းသည် အန္တရာယ်ကို လှုံ့ဆော်လိုက်ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် ရှမ်းပြည်နယ်တွင်းရှိ မြစ်ချောင်းများအတွက် လုပ်ရှားမှုကွန်ရက်မှ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း နေရာများသည် စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့်နေရာများဖြစ်သည်ဟု စိုင်းခေးဆိုင်က ပြောသည်။

“သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ ဆိုလို့ရှိရင် ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆိုလို့ ရှိရင် KIA နဲ့လည်း စစ်ဖြစ်တယ်ပေါ့နော အဲဒီကွမ်လုံဖက်မှာပေါ့နော်။ နောက်ပြီးတော့ တအာင်း TNLA နဲ့လည်း ပဋိပက္ခဖြစ်နေတယ်။ ပြီးတော့ SSPP ပေါ့နော ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့လည်း သူက ပဋိပက္ခ ဖြစ်နေတယ်။ အဲဒါကတော့ သူကတော့ ကွမ်လုံတို့ နောင်ဖာတို့ အဲဒီတစ်လျှောက်ပေါ့နော အဲဒါကလည်း ကျနော်တို့ တိုက်ပွဲတွေ ရံဖန်ရံခါဖြစ်နေတာပေါ့နော်”

အစည်းအဝေးတွင် IFC-World Bank အပြင် သြစတေးလျား ထောက်ပံ့ရေး အဖွဲ့ (Australian Aid) အဖွဲ့တို့ ပါဝင်သည်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် မြန်မာနိုင်ငံအတွင်း ရေလှောင်တမံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှုများနှင့် ရေကာတာများ တည်ဆောက်ရန် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ချက် (EIA/SIA ) လုပ်ဆောင်လျက်ရှိသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၇ အစောပိုင်းကလည်း ယခုကဲ့သို့ ဆွေးနွေးမှုတစ်ကြိမ် ပြုလုပ်ခဲ့သည်။