အလုပ်သမားအခွင့်အရေးကိစ္စများ ဆွေးနွေးအဖြေရှာ

သတင်းနှင့်မီဒီယာကွန်ရက်။
မေလ၁ရက်နေ့၊၂၀၁၈ခုနှစ်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ထိုင်းနိုင်ငံ မြောက်ပိုင်းအလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေကြရသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး ယနေ့ နံနက် ၉ နာရီတွင် ချင်မိုင်တက္ကသိုလ်အစည်းအဝေးခန်းမ ၌ ဆွေးနွေးအဖြေရှာသည့် လုှပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အလုပ်သမားအရေး ဆွေးနွေးပွဲတွင် ထိုင်းအလုပ်သမားများနှင့် နိုင်ငံခြားသားအလုပ်သမားများ အခွင့်အရေးဆိုင်ရာကိစ္စ၊ လက်ရှိ အလုပ်လုပ်ကိုင်နေရမှုကိစ္စ၊ အလုပ်သမားငှားရမ်းလုပ်ကိုင်မှု ဥပဒေသစ် အပေါ် သုံးသပ်ခြင်းကိစ္စ နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အန္တရယ်ကင်းရှင်းမှု မရှိခြင်း ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နိုင်ငံခြားသား အလုပ်သမားများ၏ မှီခိုသူ ကလေးငယ် များနှင့် သက်ကြီးရွယ်အို များ နေထိုင်နိုင်ခွင့် ကိစ္စ၊ အလုပ်သမားများ ကျန်းမာရေး အာမခံ ထားရှိမှုနှင်ပတ်သက်၍ ပြင်ဆင်ထားသည့် ဥပဒေသစ် နှင့် အဟောင်း လက်ခံနိုင်မှု အခြေအနေ များ အပါအဝင် အလုပ်သမားများ နေရာဒေသအလိုက် အာမခံ နှင့် အခွင့်အရေးအပြည့်အ၀ ရရှိရေး ကိစ္စ များကို ခေါင်းစဉ်အလိုက် တတ်သိပညာရှင်များက ဦးဆောင်ဆွေေးနွးခဲ့ကြသည်။

ယနေ့ ဆွေးနွေးမှုမှ ရရှိလာသည့် အချက်အလက်များကို စုစည်း၍ ညနေ ၅ နာရီတွင် ချင်းမိုင်မြို့လယ်ရှိ ဘုရင်သုံးပါးရင်ပြင်တွင် အလုပ်သမားများစုစည်းပြီး အခွင့်အရေး တောင်းဆိုမှုများကို စီတန်းလှည့်လည်တောင်းဆိုသွားရန်ရှိပြီး စွန်ဘိုဟတ်ပန်းခြံတွင် ပြန်လည်စုရုံ၍ တောင်းဆိုမှုများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းနီးပါးရှိပြီး အလုပ် သမား အများစုသည် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိခြင်း၊ သက်တမ်း ကုန်ဆုံးမှုကြောင့် မကြာခဏ ဖမ်းဆီးခံရခြင်း၊ ကျန်းမာရေး ဆေးကုသမှု အာမခံ ပြုလုပ်ထား ခြင်းမရှိသည့်အတွက် ဆေးကုသရာတွင် အခက်ကြုံနေရမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။