KIO ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးများဖြင့်ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။
အစိုးရတပ်မတော်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာအနီး ပတ်ဝန်းကျင်များသို့ မေလ ၁၂ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF-မြောက်ပိုင်းက အရာရှိတစ်ဦး က ပြောသည်။
“ဒီမနက်က လက်နက်ကြီးနဲ့ပစ်တယ်။ ဒီမနက် ၂ နာရီ ဝန်းကျင်လောက်မှာ ပစ်တယ်လေ လက်နက်ကြီးနဲ့ ပစ်တယ်လေ။ ဒီမနက် ၂ နာရီ ဝန်းကျင်လောက်ကနေပြီးတော့ ပစ်တယ် ဒီဖက်မှာ ဆိုလို့ရှိရင် ၁၀ လုံးနီးပါးလောက်ရှိတယ်။ ၂ နာရီကနေ ပြီးတော့ ၂ နာရီ ၁၅ မိနစ် ၂၀ အဲလောက် ၂ နာရီ ၂၀ လောက်အထိပစ်တယ်။” ဟုပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာ အနီးပတ်ဝန်းကျင်အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပညာရေးမြို့တော် ဖြစ်သော မိုင်ဂျာယန်အနီးအနားများသို့ပါ ပစ်ခတ်မှုများရှိခဲ့သည်ဟု အဆိုပါ ABSDF အရာရှိက ပြောသည်။
“ကျနော်တို့ ကြားတာကတော့ လိုင်ဇာအပြင်ကို အင်ဘာပါ၊ မိုင်ဂျာယန်၊ လိုင်စင်ဖက်လည်း ပစ်တယ်လို့ ကြားတာ ပေါ့” ဟုပြောသည်။
သို့သော် ၎င်းပစ်ခတ်မှုအတွင်း ထိခိုက်ပျက်ဆီးမှုများရှိသည်ကို မကြားသိရဟု ABSDF အရာရှိက ပြောသည်။