ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေး ပမာဏ အများအပြား ထပ်မံဖမ်းမိ
သတင်းနှင့်မီဒီယာ ကွန်ရက်။
မေလ ၁၉ ရက်နေ့၊ ၂၀၁၈ ခုနှစ်း
ထိုင်း မြန်မာ နယ်စပ်ကို ဖြတ်ကျော်သယ်ဆောင်လာသည့် မူးယစ်ဆေးအမြောက်အများကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်း၌ မေလ ၁၈ ရက်နေ့ သောကြာနေ့ ညပိုင်းတွင် အမှတ် ၃ ထိုင်း တပ်မတော် လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
ချင်းရိုင်ခရိုင်ထဲတွင်ရှိသော ယွတ်ဒွိုင်လုံ နှင့် ဝင်းချင်းလွန့် မြို့နယ် ကြားရှိလမ်းမပေါ်တွင် စစ်ဆေးရေးဂိတ် စခန်း၌ ယာဉ်အသွားအလာများကို စစ်ဆေးနေစဉ် မူးယစ်ဆေးအမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်းြ ဖစ်သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ထိုင်းဘာသာဖြင့် အတည်ပြု ပြောဆိုသည်။
သူတို့က ထိုင်း မြန်မာ နယ်စပ်ကနေ သယ်လာတဲ့အချိန်မှာ ထိုင်းစစ်တပ်တာဝန်ရှိသူတွေက စစ်ဆေးရေးဂိတ်ဖွင့်ပြီး စစ်ဆေးနေချိန် ဂိတ်ကိုတွေ့တော့ မောင်းပြေးတာပေါ့ မောင်းလည်းပြေးရော လမ်းကွေ့မှာ လမ်းဘေးကျသွားခဲ့တာပဲ၊ ကျတာကတော့ ဂိတ်ကနေ ၃၅၀ မီတာလောက်ပဲ ဝေးပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကတော့ စိတ်ကြွဆေးပြား ခုနှစ်သန်းရှစ်သိန်း နဲ့ နောက်ပြီး အိုက်စ် က ကီလို ၅၀ သိမ်းဆည်းရမိပါတယ်။ဟု ပြောဆိုသည်။
ဖမ်းဆီးရမိချိန်သည် မေလ ၁၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်ဖြစ်ပြီး ချင်းရိုင်ခရိုင် ဝင်းချင်းလွန့်မြို့နယ် ဒုန်းဟာဝမ်ကျေးရွာအုပ်စု ပါဆတ်ငမ်းရွာ အနီး၌ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ပြောဆိုသည်။
၎င်းကားပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ် ၃၉ အိတ် ထဲမှ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၇၈၀၀၀၀၀ ( ခုနှစ်သန်း ရှစ်သိန်း) နှင့် ယာအိုစ် ၅၀ ကီလို ရှိသော မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံ ဖက်ခြမ်း မိုင်းတုံဒေသမှ တဆင့် နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲသို့ သယ်ဆောင်လာချိန်တွင် ယခုကဲ့သို့ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်ဟု ယနေ့မနက် ၁၀ နာရီက ချင်းရိုင်းမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက သတင်းထောက်များအား ပြောဆိုသည်။
ထိုင်း မြန်မာနယ်စပ် ချင်းရိုင်းခရိုင်အတွင်းတွင် ဧပြီလ သြင်္ကန်ကာလ မတိုင်မီကစ၍ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်မှုများကို အဓိကစစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း အိမ်နီးချင်းနိုင်ငံမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ သယ်ယူလာသည့် မူးယစ်ဆေးဝါးများ အမြောက်အများ ဖမ်းဆီးရမိခဲ့ကြောင်းလည်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောဆိုသည်။
မေလ ၁၄ ရက်နေ့၌လည်း မြန်မာနိုင်ငံဖက်ခြမ်းမှ သယ်ဆောင်လာသည့် စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းနှင့် ဘိန်းဖြူ ကီလို ၇၀ ကို ချင်းရိုင်းခရိုင် ဝင်းပါပေါက်မြို့နယ်အတွင်း၌ ထိုင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သေးသည်။