ပလောင်ဒေသ ဥပဒေ စိုးမိုးရေး တိုးချဲ့ ဆောင်ရွက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။
ပလောင်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးကို ပိုမိုတိုးမြင့် လုပ်ဆောင်သွားရန်နှင့် နိုင်ငံရေး လုပ်ငန်းစဉ်များကို အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားရန် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဗဟိုကော်မတီ (၆) လပတ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု PSLF/TNLA က ပြောသည်။
“ထူးခြားပြောင်းလဲမှုကတော့ ဒီစောစောပြောသလို တရားဥပဒေစိုးမိုးရေးပေါ့နော်။ အဲကဏ္ဍမှာတွေ အုပ်ချုပ်ရေးပိုင်းကို ကျနော်တို့ဒေသမှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ကျနော်တို့က တာဝန်အပ်နှင်းထားတာတော့ရှိ တယ်။ တချို့ကျန်တဲ့အပိုင်းကတော့ ထူးထူးခြားခြား ပြောင်းလဲတာတော့မရှိဘူးပေါ့နော်” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
၎င်းဆုံးဖြတ်ချက်ကို ဇူလိုင်လ ၂၁ ရက်မှ ၂၅ ရက်နေအထိ ၅ ရက်ကြာကျင်းပခဲ့ပြုလုပ်ခဲ့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဗဟိုကော်မတီ (၆) လပတ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၃၁ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင်လည်း ယခု (၆) လပတ် ဗဟိုကော်မတီ အစည်းအဝေးတွင် တအာင်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးရှိရန်အတွက် PSLF/TNLA တရားရေးဌာနမှ တရားစီရင်ရေး လုပ်ငန်းများကို စီရင်ဆုံးဖြတ်ဆောင်ရွက်သွားရန်နှင့် ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးအရေးယူရန်အတွက် အုပ်ချုပ်ရေးဌာနက ဦးဆောင်သည့် တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်ရေးအလုပ်အဖွဲ့ မှ တာဝန်ယူ ဆောင်ရွက်သွားရန် ထူးခြားသည့်လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်ဟု ပါရှိသည်။
နိုင်ငံရေး ဆွေးနွေးမှုများနဲ့ ပတ်သက်ပြီး PSLF/TNLA အနေဖြင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ PFNCC ၏ မူလချ မှတ်ထားသည့် နိုင်ငံရေး ရပ်တည်ချက် မူအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု PSLF/TNLA က ပြောသည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ ကျနော်တို့က ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့ ကျနော်တို့ကဆုံးဖြတ်ထားတာပေါ့။ FPNCC အပေါ်မှာလည်း ဘာမှပြောင်းလဲသွားတာ မရှိဘူး နဂိုကတည်းက အတိုင်းပဲ FPNCC ရပ်တည် ချက်အတိုင်းပဲ ကျနော်တို့က ဆက်လက်သွားပါမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့တော့ ကျနော်တို့ ဖက်ကတော့ အဆင်သင့်ရှိတယ်။ တွေ့ဆုံဆွေးနွေးဖို့ နည်းလမ်းက ကျနော်တို့ ရွေးချယ်တာပေါ့” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။
၎င်း (၆) လပတ်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ဆွေးနွေးသုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်ဟု PSLF/TNLA က ပြောသည်။
ထို့အပြင် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး တိုင်းရင်းသား ဒေသများသို့ အစိုးရတပ်မတော်မှ တိုက်ပွဲများ ဖော်ဆောင်နေခြင်းကို PSLF/TNLA မှ ကန့်ကွက်ရှုတ်ချကြောင်း၊ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိပဲ ငြိမ်းချမ်းရေး အမည်ခံ အစည်းအဝေးများကျင်းပနေခြင်းသည် လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိနိုင်ကြောင်း ယနေ့ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
၎င်းထုတ်ပြန်ချက်ထဲ၌ မြန်မာ့တပ်မတော်မှ လက်ရှိငြိမ်းချမ်းရေးမူ သဘောထားကို ပြုပြင်ပြောင်းလဲကာ EAOs အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ဗဟိုကော်မတီအစည်းဝေးကြီးက ရှုမြင်သုံးသပ်ပါသည်ဟု ထည့်သွင်းထားသည်။
ဇူလိုင်လ ၂၁ ရက်မှ ၂၅ ရက်နေအထိ ၅ ရက်ကြာကျင်းပခဲ့ပြုလုပ်ခဲ့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဗဟိုကော်မတီ (၆) လပတ် အစည်းအဝေးသို့ ဗဟိုကော်မတီ၊ အရံဗဟိုကော်မတီ အဖွဲ့ဝင်ခေါင်းဆောင်များ၊ လုပ်ငန်းဌာနမှူးများ၊ တအာင်းတပ်မတော် တပ်မှူးများ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ် ရေးမှူးများ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ခဲ့သည်ဟု PSLF/TNLA က ဆိုသည်။