ရေနစ်မြုပ်လယ်များ ပြည်နယ်အစိုးရ ပံ့ပိုးကူညီမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်။
မွန်ပြည်နယ်တွင် ရေကြီးနစ်မြှပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် ပြည်နယ်အစိုးရမှ မျိုးစပါး တစ်ဧက တစ်တင်းနှုန်းဖြင့် ကူညီထောက်ပံ့ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဇူလိုင်လအတွင်းက သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ်တို့မှ မိုးစပါးဧက ၆၅၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၁၇၀၀၀ ခန့် လုံးဝပျက်စီး ဆုံးရှုံးမှုရှိခဲ့သည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။
“မျိုးစပါးအတွက်ကို ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ သိန်း ၁၀၀၀ ထုတ်ထားပေးပြီးတော့ မျိုးစပါးကို အမြန်ဝယ်ယူစုဆောင်းထားဖို့ စိုက်ပျိုးရေးဦးစီးဌာနကို လမ်းညွှန်ထားတယ်၊ ပြည်နယ်အတွင်းမှာ လိုအပ်လာလို့ရှိရင် ပံ့ပိုးပေးနိုင်ဖို့ ထပ်လိုမယ်ဆိုရင်လည်း ထပ်ပံ့ပိုးပေးသွားဖို့ရှိတယ်၊ တစ်ဧကကို တစ်တင်းနှုန်းနဲ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
ပြည်နယ်အစိုးရ ထုတ်ပေးထားသည့် ငွေကျပ်သိန်း ၁၀၀၀ ဖြင့် ရက်ပေါင်း ၉၀ စပါး ဟုခေါ်သည့် သက်လျင် စပါးတင်းပေါင်း ၁၁၅၀၀ ကျော် ဝယ်ယူစုဆောင်းထားပြီး တောင်သူများဆီ အမြန်ဆုံးဖြန့်ဝေပေးနိုင်အောင် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် တောင်သူလက်ထဲတွင်လည်း မျိုးစပါးတင်းပေါင်း ၂၀၀၀၀ နီးပါး ရှိနေသလို စိုက်ပျိုးရေးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ လှူဒါန်းထားသည့် မျိုးစပါးတင်း ၂၀၀၀ လည်းရှိနေသည့်အတွက် ပျက်စီးလယ်ယာမြေများအတွက် မျိုးစပါး လုံလောက်စွာရရှိထားပြီးဖြစ်သည်ဟု ဦးထွန်းဌေးက ပြောသည်။
“ဒီနှစ် ရေကြီးတာက အခြေနေဆိုးတော့ လယ်တော်တော်များများ ပျက်တယ်၊ ကျနော်တို့ ဘီးလင်းမှာဆိုရင် အပျက်အစီးက တော်တော်များတယ်၊ အချိန်မီပြန်စိုက်ဖို့တော့ လုပ်နေကြတယ်၊ ရေထပ်မကြီးဖို့ပဲ ဆုတောင်းနေရတယ်” ဟု ဘီးလင်းမှ လယ်ပိုင်ရှင် ဦးကြည်စိုးက ပြောသည်။
ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့်လည်း ပြည်နယ်အတွင်း လယ်မြေဧက ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။
၂၀၁၇ ခုနှစ်တုန်းကလည်း ရေကြီး ရေလျှံမှုကြောင့် မွန်ပြည်နယ်တွင် လယ်မြေဧက ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကရင်ပြည်နယ် ဘားအံမြို့တွင် မိုးစပါးစိုက်ဧက (၅၃၆၃၄) ကျော်ရှိပြီး ဧကပေါင်း (၄၂၄၈၀) ရေလွှမ်းမိုးခံရသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရသိရသည်။
ကရင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် မိုးစပါးစိုက်ပျိုး လယ်ယာမြေများအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
သြဂုတ်လ ၉ ရက်နေ့က ထီးထာကလုန်း မျိုးချစ်ကရင်လူငယ်များ ပရဟိတအသင်းက ဘားအံမြို့အတွင်း ပျက်စီးသွားသည့် လယ်မြေဧကများအတွက် နှံကောက်မျိုးစပါး (၉၉) တင်းကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လယ်မြေဧကပေါင်း ၇ သိန်းခန့် ရေနစ်မြှုပ်ခဲ့သည်ဟု သိရသည်။