တအန်းအဖွဲ့မှ ဖမ်းဆီးသွားသူအား အမြန်ဆုံး လွှတ်ပေးရန် နမ့်ခမ်းလူငယ်များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ နမ့်ခမ်းမြို့ရှိ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် အပေါ်ရှုံံ့ချကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် နမ့်ခမ်းမြို့ရှိ လူငယ်များ ကွန်ရက်အဖွဲ့က တောင်းဆိုလိုက်သည်။

“အမြန်လွတ်ပေးပါနော် သူတို့မိဘကလည်း စိတ်ပူတယ်။ သားသမီးကလည်း ကလေးလေးပဲ ရှိသေးတယ် ဆိုတော့နော် အတတ်နိုင်ဆုံး အမြန်ဆုံးလွတ်ပေးစေချင်တာပေါ့နော်။ ဖမ်းထားတဲ့လူက ထွက်မလာသေးတော့ ဒီကမိဘတွေရော ဒီကဒေသခံတွေရော စိုးရိမ်တယ်။ ဒီစိုးရိမ်တဲ့ဟာကို နောက်နောင်မှာလည်း ဒီလိုမျိုးထပ်ဖြစ်လာမှာလား။ ဒီစိုးရိမ်မှုတွေက ရှိတာကိုး” ဟု လူငယ်များကွန်ရက်မှ စိုင်းသိန်းရွှေက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈း၀၀ နာရီဝန်းကျင်တွင် PSLF/TNLA မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ စိုင်းစောရွှေ(ခေါ်) စိုင်းလောဝ်၀မ်း၏ ဇနီး နန်းမိုဟွမ်ကို လာရောက်ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ နန်းမိုဟွမ်သည် ဥပဒေတစ်ခုကို ချိုးဖောက်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခုဖြစ်စဉ်သည် လူမျိုးရေး ကိစ္စရပ်မဟုတ်ပဲ တရားဥပဒေကိစ္စရပ်သာဖြစ်သည်ဟု PSLF/TNLA က ပြောသည်။

“ဖမ်းသွားတာတော့မှန်တယ် ဖမ်းတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ရဲ့ စည်းမျဉ်းဥပဒေတစ်ခုကို သူကချိုးဖောက်လ့ိုပေါ့နော်။ ကျနော်တို့က ဖမ်းပြီးမှ အရေးယူဆောင်ရွက်ဖို့တော့ရှိတယ်။ လောလောဆယ်တော့ ဘယ်လိုအရေးယူမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ တရားဥပဒေအရ အရေးယူတဲ့အချိန်လည်း သူတို့ဆွေမျိုးမောင်နှမတွေကိုလည်း ကျနော်တို့ ခေါ်ပြီးမှ ပေးတွေ့မှာ ဖြစ်တာပေါ့နော်။ သူတို့လည်း မြင်အောင် ကျနော်တို့ ခေါ်ပြီးမှ ဆုံးဖြတ်ပေးမယ်။ လောလောဆယ်တော့ သူ့ကို ကျနော်တို့က လုံခြုံတဲ့နေရာမှာ ကျနော်တို့ ထားထားတယ်။ ဘာမှတော့ မစိုးရိမ်ရဘူး” ဟု တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

သို့သော်လည်း နန်းမိုဟွမ်မှ မည်သည့်ဥပဒေကို ချိုးဖောက်ကြောင်းကို ထုတ်ဖော်ပြောကြား၍ မရသေးသကဲ့သို့ တရားစီရင်မည့် အချိန်ကိုလည်း တိတိကျကျပြော၍ မရသေးကြောင်း၊ တရားစီရင်ပြီးပါက အပြစ်ပေး အရေးယူပြီးနောက် ပြန်လွှတ်ပေးမည် ဟု PSLF/ TNLA က ပြောသည်။

နမ့်ခမ်းလူငယ်ကွန်ရက်အဖွဲ့မှ သြဂုတ်လ ၁၉ ရက် (ယနေ့) ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် TNLA လက်နက်ကိုင်အဖွဲ့မှ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးကို လူအင်အားသုံး၍ လက်နက်ဖြင့် ခြိမ်းခြောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်မှာ ပြည်သူလူထုတစ်ဦး၏ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်သည့်အပြင် နိုင်ငံသားတစ်ဦး၏ အသက်အန္တရာယ် လုံခြုံမှုကိုပါ ထိပါးစေသည့်အတွက် ဤလုပ်ရပ်ကို ရှုံ့ချကန့်ကွက်ပါသည်ဟု ထည့်သွင်းထားသည်။

ယခုဖြစ်စဉ်မှ လူမျိုးရေး ပဋိပက္ခအသွင်ဆောင်လာမည်ကို စိုးရိမ်သည်ဟု နမ့်ခမ်း လူငယ်များကွန်ရက်အဖွဲ့က ပြောသည်။

“တကယ်လို့ လွတ်မပေးပဲ ဒီလိုပဲအကြာကြီးဖမ်းထားတယ်ဆိုရင်လည်း ခနကျရင် ဒီမြို့မှာလည်းပဲ သူကလူမျိုးရေးက များတာကိုး မဟုတ်ရင် မတော်တဆ အဲလိုလူမျိုးရေးလည်း ပဋိပက္ခဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်လေ” ဟု စိုင်းသိန်းရွှေ က ပြောသည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် အဖက်ဖက်မှ ကြိုးပမ်စဆောင်ရွက်နေချိန် TNLA လက်နက်ကိုင်အဖွဲ့မှ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေး ဖြစ်စဉ်များ ထိခိုက်စေမည့်အပြင် လူမျိုးရေး ပဋိပက္ခ တိုက်တွန်းမှု အသွင်ဆောင် ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင့်ကြဖြစ်မိပါသည်ဟု နမ့်ခမ်းမြို့ ရှိ လူငယ်များကွန်ရက်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နန်းမိုဟွမ်သည် ကလေး ၃ ယောက်၏ မိခင်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မှ ရန်ညိုးရန်စမရှိကြောင်း၊ ၎င်း၏နေအိမ်တွင် အိမ်ဆိုင်ဖွင့်ကာ ကုန်ရောင်းကုန်ဝယ်သည့် အလုပ်ကိုသာလုပ်ဆောင်ကြောင်း နမ့်ခမ်းဒေသခံ စိုင်းသိန်းရွှေက ပြောသည်။

“ဒါပေမယ့် ဟိုးမနှစ်ကပေါ့ သူတို့ (PSLF/TNLA) ဆက်ကြေးလာကောက်ပြီးတော့ ဆိုင်ကနေအထွက် အဲဒါစစ်အစိုးရကနေ ဖမ်းဆီးမိတော့ တစ်ယောက်သေ တစ်ယောက်ဖမ်းဆီးမိတော့ ဒီရန်ငြိုးကြောင့်လား အဲလိုခန့်မှန်းတာပေါ့လေ”

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်အပြင် ဒေသအတွင်း မလုံခြုံမှုများကိုပါ ခံစားလာရသည့်အတွက် စိုးရိမ်စိတ်များ တိုးပွားလာသည်ဟု ဒေသခံများက ပြောသည်။