NCA အပစ်ရပ်အဖွဲ့များ ဘုံရပ်တည်ချက် ရှာဖွေမည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၆ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များအနေဖြင့် ကွာဟမှုများကို စေ့စပ်ညှိနှိုင်းပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် ဘုံရပ်တည်ချက် ချမှတ်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့စတင်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှေ့ဆက်သွားရမည့် ရပ်တည်ချက်ကို ကိစ္စတွေကိုလည်း ညှိနှိုင်းဆွေးနွေးသွားကြရမှာဖြစ်ပါတယ်၊ တင်ပြလာတဲ့ အချက်တွေကို ညှိနှိုင်းဆွေးနွေးပြီး ဘုံရပ်တည်ချက်ကို ချမှတ်ကြမယ်၊ ဒီဘုံရပ်တည်ချက်ကို အခြေခံပြီး ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားကြမလဲဆိုတာကိုလည်း လုပ်ငန်းစဉ် ချမှတ်ကြရမှာဖြစ်ပါတယ်၊

နှစ်ရက်ကြာကျင်းပမည့် အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး၏ ဆွေးနွေးမှုမှ ရရှိလာသည့် အချက်များအား ပြန်လည်တင်ပြသုံးသပ်၍ လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မှုများ၊ JMC ဆိုင်ရာ ကိစ္စများကို ဆွေးနွေး၍ သုံးသပ်သွားကြမည်ဟု လည်း ပြောသည်။

ဤ အစည်းအဝေးမှ ရရှိလာသော ရလာဒ်များကို စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ NCA-S EAO Summit တွင် ဘုံသဘောတူညီချက် များအဖြစ် တင်ပြရန်ရှိပြီး ကွာဟမှုတွေကိုလည်း ညှိနှိုင်းသွားကြမည်ဟု ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ပြောသည်။

လက်ရှိ ဖြစ်နေတဲ့အလွတ်သဘောဆွေးနွေးကနေ နက်ရှိုင်းစွာ ဖြစ်တည်နေတဲ့ stakeholders တွေကြား ရှိနေကြတဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံယူဆချက်၊ ကွာဟမှုတွေကို ကြိုးစား စေ့စပ် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ကျနော်ဆက် ပြောချင်တာက ဒီနေ့ ကျနော်တို့ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေက ယူဆချက်တွေဟာ ကွာဟနေတဲ့ အခြေအနေ တချို့ရှိနေတဲ့အပေါ် ဒီကွာဟမှုတွေကို ကျနော်တို့ တိုင်တိုင်ပင်ပင် ညှိနှိုင်းသွားကြဖို့ လိုပါတယ်။ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ရည်မှန်းချက်ဆိုတာ ကျနော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက် ဘုံစံနှုန်းတွေကို ရအောင် ညှိနှိုင်းသွားကြရမှာ။

ယနေ့ အစည်းအဝေးကို ကရင်မျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ်၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော် သံခဲ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO ဒုဥက္ကဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ၁ ဦးခိုင်စိုးနိုင်အောင်၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စောမူချေး၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC အထွေထွေအတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဒုဥက္ကဌ ကြာဟား တို့ အပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက်နေကြသည်။