ကရင် ထိန်းချုပ်နယ်မြေအတွင်း ကူးစက်မြန် ဝက်သက်ရောဂါဖြစ်ပွား၊ ကလေး နှစ်ဦးသေ ၃၀၀ ကျော် ကူးစက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၅ နယ်မြေအတွင်းရှိ ဖာပွန်ခရိုင်ထဲမှ ကျေးရွာများတွင် ကူးစက် မြန်သည့် ဝက်သက် ရောဂါ ဖြစ်ပွားနေပြီး ကလေး နှစ်ဦးသေ ဆုံးပြီး အယောက် (၃၀၀) ကျော်ခန့် ရောဂါကူးစက် ခံနေရသည်ဟု နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ က ပြော သည်။

ဖာပွန်ခရိုင်အတွင်းရှိ ဒွယ်လိုးနှင့် ဘူးသိုမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာကျော်ခန့် ဝက်သက်ရောဂါ ကူးစက် ပျံ့ ပွားနေသည်ဟု နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လှပ်သားအဖွဲ့မှ ဖာပွန်ဒေသ တာဝန်ခံ စောဖိုးအေးက ပြောသည်။

“ရွာ (၁၀) ကျော်လောက်ကို ကူးစက်နေပြီ။ အခုဆို ကလေး ၃၀၀ လောက်ရှိပြီ။ ပြောမယ် ဆို ရင် စဖြစ်တာနဲ့တွက်ရင် သုံးပတ်လောက်ရှိတော့ ပျောက်သွားတဲ့ကလေးတချို့လည်းရှိတယ်။ အများစုကတော့ မပျောက်ဘူး ဆက်ဖြစ်နေတယ်။ ဆိုးဆိုးရွားရွား အသည်းအသန်ဖြစ်နေတဲ့ ကလေးတွေလည်းရှိတယ်။ ကလေး နှစ်ယောက်ကတော့ အသက်ဆုံးသွားတယ်။” ဟု စောဖိုးအေးက သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနအား ပြောသည်။

ကလေး တစ်ဦးမှာ ဝက်သက်ရောဂါကြောင့် မျက်စိကွယ်သွားသည်ဟုလည်း စောဖိုးအေးက ပြောသည်။

သြဂုတ်လ လကုန်ပိုင်းက စတင်ဖြစ်ပွားလာသည့် အဆိုပါ ဝက်သက်ရောဂါမှာ လသားအရွယ်မှစပြီး အသက် ၁၂ နှစ်အောက် ကလေးငယ်များတွင် အဖြစ်များ သည်ဟု စောဖိုးအေးက ပြောသည်။

ရောဂါကူးစက်ခံရပြီဆိုပါက ကိုယ်အပူရှိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မျက်စိများနီကာ နာ လာခြင်း၊ သွေးပါသည်အထိ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖုအပိန့်များ ထွက်လာ ခြင်း စသည့် လက္ခဏာများပေါ်လာသည်ဟု ကျန်းမာရေးလုပ်သားများက ပြောသည်။

“ဗိုင်းရပ်ကြောင့်ပေါ့၊ သူက လေကနေလည်း ကူးစက်တယ်။ ကူးတာအရမ်းမြန်တယ်။ အခုလိုအပ်မှုပြောဆိုရင် ကလေးတွေအတွက် အာဟာရဖြည့်စွက်ဖို့က အရေးတကြီးလိုအပ်နေတယ်။ ဒီရောဂါ ဖြစ်သွားတဲ့ကလေး တွေက အရေးပြားတွေ ခမ်းခြောက်ကုန်တယ်။ အစာအာဟာရအဓိက တိုက်ကျွေးဖို့လိုတယ်။ အားရှိမှ ရောဂါကို ခုခံနိုင်မှာ၊ နောက်ပြီး ကာကွယ်ဆေးတွေ လိုတယ်ဟု နယ်လှည့် ကျန်းမာရေး လုပ်သားအဖွဲ့ က ပြောသည်။

ရောဂါဆိုးရွားစွာ ဖြစ်ပွားနေသည့် ကျေးရွာများသည် KNU မှ ဖွဲ့ထားသည့် ကရင့်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန မှ ကျန်းမာရေးလုပ်သားများ၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့မှ ဝန်ထမ်းများသာရှိကြောင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့်နေရာများဖြစ်ပြီး အစိုးရကျန်းမာရေး ဌာန၊ ဆေးခန်း၊ ဆေးရုံများ မရှိသေးသည့် ရွာများဖြစ်သည်ဟု ပြောသည်။

ကရင် ကျန်းမာရေးဌာနမှ ကျန်းမာရေး လုပ်သားများနှင့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး အဖွဲ့တို့အပြင် Shoklo Malaria Research Unit –SMRUအဖွဲ့အစည်းနှင့် Community Partners International တို့ကလည်း လိုအပ်နေသည့် ဆေးဝါးများပံ့ပိုးပေးလျှက်ရှိသည်ဟု သိရသည်။

အလားတူ ကုသမှုများအတွက်လိုအပ်နေသေးသည့် ဆေးဝါးအကူအညီများကိုမယ်တော် ဆေးခန်း- MTC နှင့် အစိုးရမဟုတ်သည့် အရပ်ဘက် အဖွဲ့အစည်းအချို့ထံမှ အကူအညီများရယူကာ ကူသမှုများ လုပ်ဆောင်နေသော် လည်း ဆေးဝါးများ ထပ်မံလို အပ်နေသေးသည်ဟု ကျန်းမာရေး လုပ်သားများ က ပြောသည်။

၎င်းကျေးရွာများတွင် ယခင်နှစ်များကလည်း ဝက်သက်ရောဂါဖြစ်ပွားခဲ့သော်လည်း ယခုနှစ်သည် ဖြစ်ပွားမှု အဆိုးဝါးဆုံးဖြစ် သည်ဟုနယ်မြေခံကျန်းမာရေးလုပ်သားများက ပြောသည်။

KNU တပ်မဟာ (၅) နယ်မြေသည် အစိုးရတပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံးတို့အကြား တိုက်ပွဲများ၊ ပဋိပက္ခများ နယ်မြေမတည်ငြိမ်မှုများ မကြာခဏ ဖြစ်ပွားနေသော ဒေသဖြစ်သည်။