တရုတ်နယ်စပ် မိုင်းပေါက်ကွဲ။ အမျိုးသမီး တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲအတွင်း မြေမြုပ်မိုင်း နှစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု မူဆယ်မြို့မှ လူမှုကူညီရေး အသင်းက ပြောသည်။

“မိုင်းကွဲတာ နှစ်လုံးကွဲတာဗျ၊ တစ်လုံးက လူထိသွားတယ်။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ယောက်ကို ထိသွား တယ်။ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်။ အခုမူဆယ်ဆေးရုံမှာပဲ။ နန့်တောင်းကျေးရွာမှာဖြစ်တာ။” ဟု မူဆယ်မြို့မှ ဂရုဏာ လူမှုကူညီရေးအသင်းက ဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။

 ဗုံးနှစ်လုံးမှာ တနေရာထဲတွင် အချိန်ခြား၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

 “ကျနော်သိသလောက်တော့ သုံးနာရီလောက်မှာ တစ်လုံးကွဲတယ်။ My Tel တာဝါတိုင်နားမှာ ပေါက်ကွဲတာပေါ့ နော်။ နောက်နာရီဝက်လောက်အကြာမှာ ထပ်ကွဲတယ်၊ အဲ့မှာ လူထိသွားတာ။ ရွာနားမှာပဲ။ သူကရွာရဲ့ လမ်းဘေး ပေါ့ လမ်းပေါ်မှာပဲ အဲ့မှာကွဲတာ”ဟု ဦးသောင်းထွန်းက ပြောသည်။

မိုင်းပေါက်ကွဲခဲ့သည့်နေရာမှာ ရှမ်းပြည်နယ် မြောက်ကိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းရှိ အများပြည်သူအသုံးပြုနေသည့် မူဆယ်မှ ပန်ဆိုင်းသို့သွားသည့် ကားလမ်းမဘေး နန့်တောင်းကျေးရွာတွင် ဖြစ်သည်။

ကြူကုတ်(ပန်ဆိုင်း) ဒေသအတွင်း အစိုးရတပ်မတော်အပြင် ပြည်သူ့စစ်အဖွဲ့များ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားမှုများရှိနေပြီး စက်တင်ဘာ (၁၉) ရက်နေ့က ပေါက်ကွဲမှုမှာ မည့်သည့်အဖွဲ့မှ ထောင်ထားသည့် မိုင်း ဖြစ်ကြောင်းမသိရသေးပေ။

ယခုနှစ် ဧပြီလ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ မြေမြှုပ်မိုင်း သတိမူရေးနေ့က ထုတ်ပြန်သည့် အစီရင် ခံစာထဲတွင် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခု အနက် ၉ ခုတွင် မြေမြှုပ်မိုင်းများ ပြန့်ကြဲနေသည်ဟု ဖော်ပြထားသည်။

ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်စသည့်ပြည်နယ်များနှင့် တင်္နသာရီ၊ ပဲခူးတိုင်းတို့တွင် မြေမြှုပ်မိုင်းအန္တရာယ်များ အများဆုံးရှိနေပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းကို လုံးဝ အသုံးမပြုကြရန်နှင့် မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ကြရန် အဆိုပါ အစီရင်ခံစာထဲတွင် တိုက် တွန်းထားသည်။