မြန်မာ့တပ်မတော် နှင့် တိုက်ပွဲများ ဆက်ဖြစ်ရန် အလားအလာရှိဟု ရက္ခိုင့်တပ်မတော် ပြော
ရခိုင်လူငယ်အချို့ ထိန်းသိမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့ တပ်မတော်တို့ မကြာမီရက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် ရခိုင်လူငယ်အချို့ (AA) နှင့် ပတ်သက်သည့် သံသယဖြင့် ဖမ်းဆီးခံနေရသည်။
မြန်မာ့တပ်မတော်နှင့် AA တို့အကြား စက်တင်ဘာ ၂၁ မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ်မတော် (AA) ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ မြန်မာ့တပ်မတော်မှ အင်အားတိုးချဲ့ ကာ ပိုမိုလှုပ်ရှား လာသည့်အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည်ဟု ရက္ခိုင့်တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က ပြောသည်။
“တိုက်ပွဲကတော့ ထပ်ဖြစ်နိုင်တဲ့ အခြေအနေအများကြီးရှိတယ်ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖက်ကနေ အင်အားတွေ ထပ်တိုးပြီးတော့မှ အဲဒီမှာ အဲဒီနယ်မြေထဲကို သူတို့ လှုပ်ရှားလာတာ ရှိတယ်။ ဆိုတော့ အဲဒါက တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။”
ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်မှ AA ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ခပ်စိပ်စိပ်လှုပ်ရှားလာသည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု ခိုင်သုခ က ပြောသည်။
“တိုက်ပွဲဖြစ်တာတော့ မနေ့က မနက် ၈ နာရီ မိနစ် ၅၀ မှာ စဖြစ်တာဗျား။ တိုက်ပွဲအချိန်ကတော့ မိနစ် ၂၀ လောက်ကြာမယ်။ အဲမှာ ဗမာ့ တပ်မတော်ဖက်ကနေ ၄ ဦးကျဆုံးပြီးတော့မှ အများအပြား ဒဏ်ရာ ရသွားတာ ရှိတယ်။ မနေ့က တိုက်ပွဲမှာတော့ ကျနော်တို့ဖက်က တစ်ယောက်ကျဆုံးတာ ရှိတယ်ခင်ဗျား။ အခုဖြစ်နေတဲ့ ဥစ္စာက ကုလားတန် (မြစ်) အထက်ပိုင်း အုန်းကြီးဝါးရွာရဲ့ အနောက်ဖက် ၅ ကီလိုမီတာလောက်အကွာမှာ ဖြစ်တာ။ ဒီနေ့တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တဲ့ အနေအထားရှိတယ်ခင်ဗျား။ ဒါပေမယ့် ကျနော်ဆီကိုတော့ တိုက်ပွဲသတင်းတွေ ဘာမှ ရောက်မလာသေးဘူး။”
ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား ချင်းပြည်နယ် ပလက်ဝမြို့ နယ်စပ်ဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားက နှစ်ဖက်ထိခိုက်မှုတွေရှိနေသည်ဟု ရက္ခိုင့်တပ်မတော် (AA) က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်မတော်၊ လှုပ်ရှားစစ်ကြောင်းနှင့် မြန်မာ့တပ်မတော် ၏ ခလရ(၂၈၉) တို့သည်၊ ရှင်မဒိန်ရွာမြောက်ဖက်ရှိ “ထအို့ပီရွာ” အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့် တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရခိုင်လူငယ်အချို့မှာ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု ရှိသည်ဆိုသော မသင်္ကာမှုဖြင့် ဖမ်းဆီးခံနေရမှုများလည်း ရှိနေသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ရခိုင်လူငယ် ၅ ဦးကို ရက္ခိုင့်တပ်မတော် AA နှင့် ပတ်သတ်မှု အပါအဝင် မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် တီးတိန်ရဲစခန်းမှ ဖမ်းဆီးကာ အမှုစစ်ဆေးနေသည်ဟု ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ပြောသည်။
“သူတို့ကိုဖမ်းထားတယ် ဖမ်းထားတာမှန်တယ်။ အကြမ်းဖျင်းအားဖြင့်တော့ အိန္ဒိယနိုင်ငံသား ခံယူထားတဲ့ သူတို့ မှတ်ပုံတင်တွေ ဘာတွေ အဲဒါတွေပါတာပေါ့နော် မြန်မာနိုင်ငံသား မဟုတ်ပဲနဲ့ သူများနိုင်ငံသား ခံယူထားတာရှိ တယ်။ ဒီကနေမှ တရား မဝင်ဘူးဆိုပြီး လဝက အက်ဥအဒေပုဒ်မနဲ့တော့ အရေးယူတာတော့ ဖြစ်နိုင်တယ်။ တ ချို့ကတော့ အိန္ဒိယနိုင်ငံသား ခံယူထားတယ်။ တချို့ ကျတော့လည်း မှတ်ပုံတင်က ပုံစံအမှန်မဟုတ်ဘူး ဖြစ်နေတယ်။ အတုပုံစံမျိုး အဲလိုမျိုးတွေ လုပ်ထားတာတွေ ဖြစ်နေတယ်”
၎င်း လူငယ် ၅ ဦးမှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ ပတ်သက်မှု ရှိသည် မရှိသည်ကို သိရှိနိုင်ရန် စစ်ဆေးနေဆဲ ဖြစ်သည်ဟု ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။
သို့သော်လည်း ယခုဖမ်းဆီးခံထားရသည့် လူငယ် ၅ ဦးမှာ ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှု မရှိဟု ရက္ခိုင့်တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အခုတီးတိန်မှာ ဖမ်းထားတဲ့ လူငယ်တွေက သူတို့က ရက္ခိုင့်တပ်မတော်နဲ့ ဘာမှ ဆက်စပ်ပတ်သက်တဲ့ လူတွေ မဟုတ်ဘူး။ အဲဒီကလေးတွေက ဗုဒ္ဓဂါယာမှာ တိုးရစ်ဂိုက်လုပ်နေကြတာ။ သူတို့ကိုယ့်ဟာကိုယ် ရိုးရိုးသားသား လုပ်စားနေတဲ့ကလေးတွေပါ။ ရက္ခိုင့်တပ်မတော်နဲ့ ဘာမှဆက်စပ် ပတ်သက်မှု မရှိဘူး အဲဒါကို သူတို့က ရခိုင်လူငယ်လေးတွေတွေ့တာနဲ့ ဒီကောင်တွေ အကုန်လုံး ဒါဟာ အေအေပဲ ဆိုပြီးတော့ မတရား ဖမ်းသွားတဲ့ သဘောရှိတယ်ခင်ဗျား” ဟု ခိုင်သုခ က ပြောသည်။