မြောက်ပိုင်း စစ်မဟာမိတ် အဖွဲ့များနှင့် အစိုးရတို့ အောက်တိုဘာတွင် ထပ်မံတွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း စစ်မဟာမိတ်အဖွဲ့ ၃ ဖွဲ့တို့ အောက်တိုဘာလအတွင်း တွေ့ဆုံမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA က ပြောသည်။

“ဟုတ်ကဲ့ နောက်လမှာ တွေ့ဖို့က နှစ်ဘက်က သဘောတူထားတယ်။ ဘယ်နေ့ဖြစ်မလဲဆိုတာ ပြန်ပြီး ညှိမရသေးဘူး။ သုံးဖွဲ့ ပဲဖြစ်တယ်။ AA ရယ်၊ MNDAA ရယ်၊ TNLA ရယ်။ သုံးဖွဲ့” ဟု တအန်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

တွေ့ဆုံဆွေးနွေးမည့် ရက်ကို ပြန်လည်ညှိနှိုင်းရန်ရှိပြီး တွေ့ဆုံဖြစ်မည်ဆိုပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တွေ့ဆုံနိုင်သည်ဟု PSLF/TNLA ကပြောသည်။

အောက်တိုဘာလအတွင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးကြမည့် မြောက်ပိုင်း မဟာ မိတ်အဖွ့ဲ ၃ ဖွဲ့မှာ ရက္ခိုင့်တပ်မတော် AA၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA ကိုးကန့်တပ်ဖွဲ့) တို့ ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရန် အဓိက ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေသည်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုမှ ဖြစ်ပွားနေသည့် နှစ်ဖက် စစ်ရေးပဋိပက္ခများကို လျှော့ချနိုင်ရန် မျှော်လင့်ကြောင်း PSLF/TNLA က ဆိုသည်။

“အဓိကဘာအကြောင်းတွေ ဆွေးနွေးသွားမလဲ ဆိုရင်တော့ လက်ရှိတိုက်ပွဲ အခြေအနေကို ဘယ်လိုလျှော့ချမလဲ အဲဒီကိစ္စလည်းပါတာ ပေါ့နော်။ တွေ့ ဆုံဆွေးနွေး ပြီးမှ ဘယ်လိုရှေ့ဆက်သွားမလဲ အဲလိုမျိုးရတာပေါ့” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာ မိတ်အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး ရပ်တန့်နေသည့် ဆွေးနွေးပွဲ လမ်းကြောင်းများကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့က တွေ့ဆုံမှုတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP မှ အသိသက်သေအဖြစ် တက်ရောက်ခဲ့ကြပြီး အစိုးရဖက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ တက်ရောက်ခဲ့ကြသည်။

မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့တွင် တအန်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA / ကိုးကန့်တပ်ဖွဲ့)တို့ ပါဝင်သည်။