NCA ထိုး အဖွဲ့အားလုံး အလွတ် ထိပ်သီး တွေ့ဆုံပွဲတက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး နေပြည်တော်တွင် ပြုလုပ်မည့် အစိုးရ၊ တပ်မတော်၊ လွှတ်တေ်ာ အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံမည့် ဆွေးနွေးပွဲကို တက်ရောက်သွားမည် ဟု PPST က ဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲမှာ အမြင်မတူတာ သဘာဝကျတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဒီအမြင်တွေကို စုစည်းချက်တွေအရ အတူတကွ တူညီနိုင်တဲ့ ဆုံမှတ်ကို ရှာနေရတာဖြစ်တယ်။ တူညီနိုင်တဲ့ ဆုံမှတ်ဟာ ဒီနေ့ ကျနော်တို့ လိုချင်နေတဲ့ ဆုံမှတ်ဖြစ်တယ် အဲဒါက ဘာလဲဆိုရင် ကျနော်တို့ တောင်းဆိုထားတဲ့ဟာကို ကျနော် တို့ အတူတကွ ဆက်လက်ပြီးတော့မှ အကောင်အထည်ဖော်မယ်” ဟု PPST မှ ပြောရေးဆိုခွင့်ရှိသူ ဦးသံခဲ က ပြောသည်။ “ဒီအကောင် အထည်ဖော်မှုဟာ ကျနော်တို့ တစ်ဖွဲ့ ထဲရဲ့ အကျိုးစီးပွားတွေအတွက်မဟုတ်ဘူး ကျနော်တို့ တစ်တိုင်းပြည်လုံးရဲ့ အကျိုးစီးပွားဖြစ်စေရမယ် လူထုကို ရှေးရှုပြီးမှ ဆွေးနွေးရမယ့် ပုံစံဖြစ်စေရမယ် ဆိုတာ ကျနော်တို့ အားလုံးမှာ ကျသွားတာပဲဖြစ်တယ်။”

NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အခမ်းအနားအဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရ၊ တပ်မတော် ၊ လွှတ်တော်အဖွဲ့အစည်းတို့ နေပြည်တော်တွင် ဆွေးနွေးကြမည် ဖြစ်သည်။

ဆွေးနွေးပွဲကို မူလက မန္တလေးတိုင်း ကျောက်ပန်းတောင်မြို့နယ်ရှိ ပုပ္ပါးဒေသတွင် ပြုလုပ်ရန် အစိုးရဖက်မှ ပြင်ဆင်မှုများ ရှိသော်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖက်မှ ရန်ကုန် တွင်ပြုလုပ်ရန် ပြန်လည်အဆိုပြုခဲ့သည်။

နောက်ဆုံးတွင် ညှိနှိုင်းမှုအရ ဆွေးနွေးပွဲကို နေပြည်တွင် ပြုလုပ်ရန် သဘောတူခဲ့ကြသည်။

ဆွေးနွေးပွဲသို့ အစိုးရဖက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မည်ဟု သိရသည်။

NCA စာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် အပါအဝင် အခြားထိပ်သီးခေါင်းဆောင် ၁၀ ဦးတို့ တက်ရောက်မည်ဖြစ်သည်။

“ဒီတွေ့ဆုံပွဲကနေတစ်ဆင့် ဖြစ်ပေါ်လာမယ့် ဖြစ်ထွန်းတိုးတက်မှုတွေဟာ ခုနကပြောတဲ့ တစ်ခုထဲသော ပြည် ထောင်စု တပ်မတော် ကိစ္စအပါအဝင် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး ဆိုင်ရာမူလည်းပါနိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေလည်း ပါနိုင်တယ်” ဟု ဦးသံခဲ က ဆက်ပြောသည်။

ယခုကဲ့သို့ အလွတ်သဘောတွေ့ဆုံမှုမှ တစ်စို့နေမှုများကို ပြေလည်သွားရန် မျှော်လင့်သည်ဟု PPST က ပြောသည်။

“နိုင်ငံတော်ရဲ့ အကြီးအကဲတွေ နောက်ပြီးတော့ တပ်မတော်က အကြီးအကဲတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖက်က တကယ် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ဆွေးနွေးမယ်ဆိုတော့ ကျနော်တို့ ဒီကနေ့ ဖြစ်ချင်တဲ့ အနေအထားကို ကျနော်တို့ ပွင့်သွားအောင်ပေါ့ ကျနော်တို့ အလွတ်သဘောဆွေးနွေးပွဲကနေပြီးတော့ တရားဝင်ဆွေးနွေးရေးဖက်ကို ကျနော်တို့ ပြန်ပြီး ဦးတည်ရတဲ့ အနေအထားမျိုးကို ရလိမ့်မယ်လို့ ကျနော်တို့ ယူဆပါ တယ်ခင်ဗျာ” ဟု ချင်းအမျိုးသား တပ်ဦး CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး က ပြောသည်။

အစောပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး KNU က ဆွေးနွေးပွဲ ရလာဒ်များ ပိုမိုကောင်းမွန်ရန်အတွက် ဆွေးနွေးမည့်ရက်ကို နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အနေဖြင့် ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု ပြောဆိုထားသည်။

သို့သော် နောက်ဆုံးတွင် အားလုံး ပါဝင်တက်ရောက်ရန် PPST အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။