လားဟူ ခရစ်ယာန် ဘာသာရေးဆရာများ ၀ အဖွဲ့ပြန်လွှတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ခရစ်ယာန် အမှုတော်ဆောင်အချို့ကို ဘာသာရေး အစွန်းရောက်မှုများ ရှိနေခြင်းကြောင့် စစ်ဆေးမှုများ ပြုလုပ်ကာ ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီဟု ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) လားရှိုးဆက်ဆံရေးရုံး ဒု-တာဝန်ခံ ဦးညီရန်းက ပြောသည်။
“တော်တော်များများကတော့ လွှတ်ပေးပြီးပါပြီ။ စစ်ဆေးမေးမြန်းပြီးမှပေါ့၊ ကျနော်တို့ ငြိမ်းချမ်းရေးပွဲ နှစ်သုံး ဆယ် မတိုင်ခင် “ဝ” ပြည်နယ်မှာ ရှိနေတဲ့ ကိစ္စအဝဝကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပိုင်းတွေကို စိစစ် သန့်စင်တဲ့ သဘောမျိုးပေါ့နော်။ အစွန်းရောက်ဘာသာရေးဆရာတချို့ ရဲ့ လုပ်ရပ်ကြောင့်ပေါ့နော် စစ်ဆေးမေး မြန်းပြီးမှ လွှတ်ပေးပြီးပါပြီ” ဟု ပြောသည်။
လားဟူ အမှုတော်ဆောင် ၉၂ ဦးအား စစ်ဆေး မှုများ ပြုလုပ်ပြီးနောက် အောက်တိုဘာလ ၁၀ ရက်နေ့ (ယမန်နေ့) မွန်းလွှဲ ၂ နာရီခန့်တွင် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
အထိန်းအကွပ်မရှိ သာသနာပြုနေခြင်းများက ၀ ပြည်သူများအကြား ၊ မိသားစုများအကြား စိတ်ဝမ်းကွဲမှုများကိုလည်း ဖြစ်စေခဲ့သည်ဟု ဦးညီရန်း က ပြောသည်။
“ဥပမာ တစ်ရွာမှာ ဘုရားကျောင်း တစ်ကျောင်းရှိရင် ရပြီလေ။ လူဦးရေ အိမ်ခြေဘယ်လောက်မှလည်း မရှိဘူး။ ဘုရားကျောင်းတွေ နှစ်ကျောင်းသုံး ကျောင်းရှိတယ်ဆိုတာ မဖြစ်သင့်ဘူးလေနော်။ အဲ့လိုမျိုး ဒီစည်းလုံးရေး ပျက်ပြားမှာဆိုးလို့ ဝင်ရောက်ထိန်းသိမ်းတဲ့ သဘောမျိုးပါ”
“ဝ” ဒေသအတွင်း ခွင့်ပြုချက်မရပဲ ဘာသာရေးလုပ်နေသူများ၊ ဘာသာရေးအစွန်းရောက်များ၊ ဒေသအတွင်း ပြဌာန်းထားသည့် ဥပဒေများအား ကျော်လွန်ပြီး မတည်မငြိမ်မှုများ ဖြစ်စေအောင် လုပ်ဆောင်သူများကို စစ် ဆေးမေးမြန်းခြင်း ဖြစ်သည်ဟု UWSP က ပြောသည်။
ယမန်နေ့က လွှတ်မြောက်လာသူများမှာ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အမှုတော်ဆောင် (၉၂) ပါးဖြစ်ပြီး ကျမ်းစာကျောင်းသူ ကျောင်းသား (၄၁)ဦး ကျန်ရှိနေသေးသည်ဟု လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာလာဇရု က ပြောသည်။
“လွှတ်ပေးလိုက်ပြီ။ အိမ်တွေကို ပြန်သွားကြပြီ။ ကျမ်းစာကျောင်းသူ ကျောင်းသားတွေပဲ ကျန်ခဲ့တယ်။ မနေ့က နေ့လည် နှစ်နာရီလောက်မှာ လွှတ်ပေးတယ်။ လားဟူဆရာ ဆရာမတွေကိုလေ။ အမှုတော်ဆောင် ၉၂ ပါး။ သူတို့အကန့်အသတ်နဲ့ လက်မှတ်ထိုးပြီးတော့ ထွက်လာရတယ်လို့ ပြောတယ်။”
ဘုရားကျောင်းများမှာ ချိတ်ပိတ်ထားပြီး ဘုရားရှိခိုးခွင့်မရဖြစ်နေသည် ဒေါက်တာ လဇရုက ပြောသည်။
“ခရစ်ယာန်တချို့ပေါ့နော် အစွန်းရောက် ခရစ်ယာန်တချို့ ရောက်လာတယ်လေ။ အဲ့ဒါတွေများလားဆိုပြီး စစ်ဆေးတယ်လို့ ကြားတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်ကတော့ တခြားတိုင်းရင်းသား ဝရယ် ကချင်ရယ်တော့ လွှတ်ပေးလိုက်ပြီလေ။ လားဟူကျတော့ ဒီတပတ်ပဲ လွှတ်ပေးလိုက်တာ”
ယခုလဆန်းပိုင်းက ဓမ္မအမှုတော်ဆောင်နှင့် ခရစ်ယာန်ဘာသာဝင် ၁၀၀ ကျော်အား စစ်ဆေးမှုများပြုလုပ်ကာ လွှတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။
ကျန်ရှိနေသေးသည့် ကျမ်းစာကျောင်းသူ ကျောင်းသားများလွတ်မြောက်ရေးလည်း ကြိုးပမ်းလျှက်ရှိသည်ဟု ဒေါက်တာလာဇရုက ပြောသည်။
“ကျနော်တို့ စာတော့ ထပ်ပို့ထားတယ်။ လူကိုယ်တိုင်ထပ်တွေ့ ပြီး ညှိနှိုင်းဖို့ရှိရင်လည်း ညှိနှိုင်းဖို့ပေါ့။ အဲ့ဒီလို မျှော်လင့်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ အခြေအနေမရသေးဘူး။ အခုလိုမျိုးတော့ မလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။”
အမှုတော်ဆောင်များ ဖမ်းဆီးခြင်း၊ မိုင်းပေါက်သာသနာနယ်အတွင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းအား ချိတ်ပိတ်ကာ ဘုရားကျောင်း ၃ ကျောင်းအား ဖြိုချဖျက်ဆီးခဲ့ခြင်း၊ ဟိုတောင်း လားဟူ ကျမ်းစာ ကျောင်းအား ပိတ်ပင်ခြင်းနှင့် ခရစ်ယာန်များ၏ တန်ဖိုးထားသော အမှတ်လက္ခဏာများအား ဖျက်ဆီးခြင်းများပြု လုပ်နေသည့်အတွက် ဝိုင်းဝန်းဆုတောင်းပေးကြရန် စက်တင်ဘာ ၂၅ ရက်နေ့က လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (ရှမ်း/ရှေ့ ) မှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ မေတ္တာရပ်ခံခဲ့သည်။