ခွဲမထွက်ရေး အရေးကြီးသလို ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စု ဖြစ်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ပြည်ထောင်စု၏ ပကတိ တည်ရှိနေမှုကို လက်ခံထားပါက ခွဲထွက်ရေးသည် အဓိက ပြဿနာ မဟုတ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ ခွဲမထွက်ရေးဆိုတဲ့ အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေ ရေးဆွဲရေး စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ ရရှိထားပြီးမှ ချန်လှန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။” ဟု ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက် (ယနေ့) တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သော အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရသည် အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ် ပြည်ထောင်စု ကိစ္စရပ် ဖြစ်သည့်အတွက် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းကြ ရန် လိုသည်ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ယနေ့နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိက တစ်ဆို့မှုဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ခွဲမထွက်ရဆိုသည့် အမြင်အပေါ် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ အစိုးရနဲ့ တပ်မတော်တို့ကြားမှာ အမြင် ကွာဟချက်များစွာရှိနေပါတယ်။ ဒါကို အားလုံး လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးပိုင်းဆိုင်ရာ ဖြစ်သလို ကျနော်တို့ အားလုံးမျှော်လင့်နေတဲ့ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်” ဟုပြောသည်။

အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများမှာ ရှေ့ဆက်ရန် ခက်ခဲနေပြီး အဓိက တစ်ဆို့နေသည့် အကြောင်းအရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ခွဲထွက်ရေး/ခွဲမထွက်ရေး အပြင် တစ်ခုထဲသော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးတို့ ဖြစ်သည်။

တစ်ဆို့နေသည့် ၎င်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် သီးသန့်တွေ့ ဆုံဆွေးနွေး နေကြခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အစုအဖွဲ့အသီးသီးက ဖက်ဒရယ်ပြည် ထောင်စုကြီးကို အကောင်အထည်ဖော်ရာတွင် မိမိတို့စိတ် ကူးထားသည့်အတိုင်း စဉ်းစားလုပ်ဆောင်သည်ထက် လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုသည်ဟု ဆိုသည်။

“ကျမတို့ ဖက်ဒရယ် အိမ်မက်ကို ဘယ်လို အကောင်အထည်ဖော်ကြမှာလဲ ဆိုတာကို လက်တွေ့ကျကျ စဉ်းစားဖို့လိုပါတယ်။ စိတ်ကူးစံပြု ဖက်ဒရယ် အိမ်မက်က တစ်ဖက်တွင် ရှိနေပြီး ဒီကနေ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အရှိတရားကလည်း တစ်ဖက်မှာ ရှိနေပါတယ်။ ဒီနှစ်ခုအကြားမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားစေတဲ့ အကြောင်းရင်း ခံတွေကို တစ်ခုချင်း ဆွေးနွေးညှိနှိုင်း ပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ်ဆိုရင် ဖြစ် နိုင်ခြေလည်းရှိ လက်တွေ့လည်းကျ အကောင်အထည်ဖော် ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေ တစ်ရပ်ကို ကျမတို့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။”

ဖက်ဒရယ် အခြေခံမူရှာဖွေရာနဲ့ ပတ်သက်ပြီး PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက“နိုင်ငံရေး ဆွေးနွေးပွဲ တွေကတဆင့် တိုင်းပြည်အတွက် လိုအပ်တဲ့ ဖက်ဒရယ် အခြေခံမူတွေကို ရှာဖွေကြရာမှာ အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် လူနည်းစု အခွင့်အရေး ပြည်နယ်ဖွံ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး အာဏာခွဲဝေရေး ဆိုတာတွေအပေါ် အဓိက အခြေခံတဲ့ ဖက်ဒရယ်နဲ့ တိုက်ရိုက်ပတ်သက်တဲမူသဘောတွေကို ရှာဖွေဖော်ထုတ်ဖို့လို အပ်ပါတယ်။” ဟုပြောသည်။

လက်နက်ကိုင် ပဋိပက္ခများကို ဖြစ်ပေါ်စေသည့် ဇစ်မြစ်အကြောင်းအရင်းကို သိရှိပြီး နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်း ဖြေရှင်းမည်ဆိုပါက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းသွားရန် မခက်ခဲကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုမှ ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်မှုများကို ဖြစ်ပေါ်စေသည့်အတွက် ဘုံအကျိုးစီးပွားနဲ့ ဘုံမျှော်လင့်ချက်များကို ခိုင်မာအားကောင်း လာစေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထိုအပြင် စိုးရိမ်မှုများ ဖြစ်တည်လာစေသည့် သမိုင်းကြောင်းအား လက်ခံအသိအမှတ်ပြုရန် လိုအပ်သကဲ့သို ၎င်းအတိတ် သမိုင်းကြောင်းများမှ ရုန်းထပြီး အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ ဆက်လက် ဦးတည်လျှောက်လှမ်းကြရန် အရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုခဲ့သည်။

ယခုကဲ့သို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ သီးသန့်ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်မည်ဟု သိရသည်။