ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရ တပ်မတော်တို့အကြား ချင်းပြည်နယ် ပလက်၀ မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု ရက္ခိုင့်တပ်မတော် AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က ပြောသည်။

“တိုက်ပွဲဖြစ်တာ ၂ ရက်ရှိပြီ။ ၁၄ ရက်နေ့လည်း ဖြစ်တယ် ၁၅ ရက်နေ့လည်းဖြစ်တယ်။ ဖြစ်တဲ့ဥစ္စာက ပလက်၀ မြို့နယ်ရဲ့ အထက်ပိုင်းပေါ့နော ဒီကုလားတန်အထက်ပိုင်းပေါ့ အဲဒီအုန်းသီးဝရွာရဲ့ မြောက်ဖက် ၅ ကီလိုမီတာခွဲ လောက်အကွာမှာလည်းဖြစ်တယ်။ နောက်အဲဒီရဲ့ အပေါ်ဖက်မှာလည်း ဖြစ်တယ်ဗျား။” ဟု ရက္ခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ “တိုက်ပွဲကတော့ ဖြစ်တာ နှစ်နေရာ သုံးနေရာလောက်ရှိတယ်ဗျား။ တိုက်ပွဲက တော်တော်လေး ပြင်းပြင်းထန်ထန်တော့ ဖြစ်တယ်”

ရက္ခိုင့်တပ်မတော် AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တပ်အမည်ကိုစီစစ်နေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးသည့် စာရင်းကို အတိအကျမသိရသေးဟု ခိုင်သုခ က ဆက်ပြောသည်။

ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အစိုးရတပ်မတော်ဖက်မှ တပ်အင်အား ဖြည့်တင်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလာနိုင်သည်ဟု ရက္ခိုင့်တပ်မတော် AA ကဆိုသည်။

“အခုလည်းပဲ သူတို့က နောက်ထပ်စစ်ကူတွေ ပို့နေတာ ရှိတယ်ခင်ဗျား။ စစ်အင်အားတွေ အဲဒီဖက်မှာ ထပ်ဖြည့် နေတာရှိတယ်ဆိုတော့ တိုက်ပွဲက ဆက်ဖြစ်နိုင်တဲ့ အနေအထား အများကြီးရှိတယ်ခင်ဗျား။ အထူးသဖြင့်တော့ သူတို့ အဲဒီ ပလက်၀ မြို့နယ်ထဲကို တပ်အင်အားတွေ တော်တော်ထပ်ဖြည့်နေတာရှိတယ်” ဟု ခိုင်သုခ က ပြော သည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် အချိန်သည် နေပြည်တော်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ သီးသန့် ထိပ်သီး အစည်းအဝေး ကျင်းပနေသည့် အချိန်လည်းဖြစ်သည်။

“တစ်ဖက်မှာ အစည်းအဝေးတွေ လုပ်ပြီးတော့မှ တစ်ဖက်မှာလည်း သူတို့ထိုးစစ်တွေ ဆင်တဲ့ဥစ္စာကတော့ သူတို့ လုပ်ရိုးလုပ်စဉ်သဘောမျိုးဖြစ်နေပြီ အရင်လည်း ဒီအတိုင်း လုပ်တာပဲ တစ်ဖက်မှာ ဆွေးနွေးပွဲလုပ် ပြီးတော့ တစ်ဖက်မှာ သူတို့လာပြီးတော့ တိုက်တာပဲ” ဟု ခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရ တပ်မတော်တို့အကြား ပလက်၀ မြို့နယ် အတွင်း စက်တင်ဘာလ ၂၁ ရက် နေ့က ဖြစ်ပွားခဲ့ သည့် တိုက်ပွဲမှာ နောက်ဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုတစ်ဖန် ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု ရက္ခိုင် တပ်မတော် AA က ဆိုသည်။

ရက္ခိုင့်တပ်တော် ULA/AA သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA / ကိုးကန့်) အဖွဲ့တို့နှင့် စစ်ရေးမဟာမိတ်ဖွဲ့ထားပြီး “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည်။