သာသနာ့မြေကိစ္စတရားစီရင်မှုအပေါ် ဇင်းကျိုက်ဒေသခံများ ဆန္ဒထုတ်ဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

တရားစီရင်ရေးအပေါ် ကျေနပ်မှုမရှိသည့်အတွက် မွန်ပြည်နယ် ပေါင်မြို့ နယ် ဇင်းကျိုက်ဒေသခံ ၅၀၀ ခန့် တို့က အောက်တိုဘာ ၁၆ ရက်နေ့က မော်လမြိုင်မြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇင်းကျိုက်မြို့ရှိ သုဓမ္မဝတီ သီလရှင်စာသင်တိုက် မြေအငြင်းပွားမှုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်တရား လွှတ်တော်ရုံးမှ တရားလိုများကို ခေါ်ယူစစ်ဆေးခြင်းမရှိပဲ အမှုတွဲအား ပလပ်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် ယခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည် ဟု ဆန္ဒပြခေါင်းဆောင် ဦးဝင်းနိုင် က ပြောသည်။

“သီလရှင်စာသင်တိုက်က အလှူရှင်တွေ လှူထားတဲ့မြေ၊ ဒီမြေကို အရင်နေထိုင်ခဲ့တဲ့ ဘုန်းကြီးရဲ့ သမီး မသန္တာစိုးက မြေတစ်ဝက်ကို ရောင်းစားခဲ့တယ်၊ စာသင်တိုက်ကို ဖျက်ခဲ့တယ်၊ ဒါကို ဇင်းကျိုက်မြို့ သူ/သားတွေက မကျေနပ်ဘူး၊ ဒီမြေကို သန္တာစိုးက သိမ်းထားတယ်။ အလှူရှင်တွေ ပူးပေါင်းပြီး တရားမမှုနဲ့ တရားစွဲတယ်၊ ပြည်နယ်တရားရုံးက ကျနော်တို့ကို ခေါ်မတွေ့ဘဲ အမှုကို ပလပ်လိုက်တယ်။” ဟု ဦးဝင်းနိုင်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် မှန်ကန်မှု မရှိသော တရားစီရင်ရေး စနစ်ကြောင့် သာသနာ့မြေများဆုံးရှုံးမှုများအတွက် တရားသူကြီး၊ ဥပဒေဝန်ထမ်း၊ ရှေ့နေနှင့် သာသနာ့မြေ ရောင်းစားသူတို့အား ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန် စာတမ်းပါ ဗီနိုင်းကို ဆွဲကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် သုဓမ္မဝတီ သီလရှင်စာသင်တိုက် သာသနာ့မြေ ပြန်လည်ရရှိရေး၊ မတရားသည့် တရားစီရင်မှု စနစ် ပပျောက်ရေး၊ တရားသူကြီးများကျမ်းကိုင် တရားစီရင်ရေးစနစ် ပေါ်ပေါက်ရေး၊ မမှန်မကန်ဆောင်ရွက်သည့် တရားရေးဝန်ထမ်းများအား အရေးယူဆောင်ရွက်ရေး စသည့် ကြွေးကြော်သံများဖြင့် မော်လမြိုင် သံလွင်ဥယာဉ် အရှေ့မှ မွန်ပြည်နယ်တရားရုံးထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အမှုတွဲနှင့် ပတ်သက်၍ နှစ်ဖက်စလုံးကို ခေါ်ယူစစ်ဆေးပြီးမှသာ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တရားရေး ဦးစီးမှူး ဒေါ်ကြည်ကြည်စိန်းက ပြောသည်။

“တရားလိုတွေရဲ့ စွဲဆိုတဲ့အမှုရဲ့ အဆိုလွှာအရပေါ့နော် တရားစွဲဆိုရန်အကြောင်း မပေါ်ဘူးဆိုပြီးတော့ အမှုကို ပယ်လိုက်တဲ့သဘောပါ အဆိုလွှာပယ်တယ်ဆိုတာက တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်လို့ ပယ်တယ်၊ တကယ်လို့ သူတို့ကနေပြီးတော့မှ တရားစွဲဆိုရန်အမှု ပေါ်ပေါက်တဲ့အကြောင်းအရာတွေကို ပြန်ပြီးတော့စွဲမယ် ဆိုလို့ရှိရင်လည်း ဒါက အခုက အမှုတစ်ခုလုံးက ဘယ်တော့မှ မနိုင်စေရဆိုတဲ့ဟာမျိုး ပေးလိုက်တာမဟုတ်ဘူး အမှုကို ပလပ်ပစ်တာမဟုတ်ဘူး သူတို့ရဲ့ အဆိုလွှာအရ တောင်းဆိုတဲ့သက်သာခွင့်နဲ့ပေါ့နော် မကိုက်တဲ့ အတွက်ကြောင့် ဒီအဆိုလွှာကို ပယ်လိုက်တာ” ဟု ပြောသည်။

ဒေါ်ခင်စောသင်း၊ ဦးဝင်းနိုင်နှင့် ဒေါ်နှင်းဝေနိုင်တို့က သထုံခရိုင်တရားရုံးတွင် ၂၀၁၇ ခုနှစ် တရားမကြီးမှု အမှတ် ၂၆ ဖြင့် သုဓမ္မဝတီစာသင်တိုက်၏ အလှူရှင်များဖြစ်ကြောင်း ကြေညာပေးစေလိုမှုနှင့် စာသင်တိုက်ကို နဂိုပုံစံအတိုင်း ပြန်လည် လက်ရောက်ပေးအပ်စေလိုမှုနှင့် ဒေါ်သန္တာစိုးနှင့် ဒေါ်ခင်မာချိုတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သထုံခရိုင်တရားရုံးမှ တရားစွဲဆိုရန်အကြောင်းပေါ်ကြောင်း ဆုံးဖြတ်သည့်အပေါ် တရားပြိုင် ဒေါ်သန္တာစိုးနှင့် ဒေါ်ခင်မာချိုတို့က ပြည်နယ်တရားလွှတ်တော်ကို တရားမမှုပြင်ဆင်အမှတ် ၁၈/၂၀၁၈ ဖြင့် တက်လာခဲ့သည်။

ထို့ကြောင့် ပြည်နယ်တရားရုံးမှ ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့က တရားမကျင့်ထုံး ဥပဒေအမိန့် ၇ နည်းဥပဒေ ၁၁ (က) အရ အဆိုပါအမှုတွဲကို ပယ်ခဲ့ခြင်းဖြစ်သည်။