တရုတ်နယ်စပ် နယ်ခြားစည်းရိုးများကြောင့် နယ်စပ်ဒေသခံများ အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း) မြို့ နယ်ခွဲ တစ်လျှောက်ရှိ ကျေးရွာများ အနီးတွင် တရုတ်အာဏာပိုင်များက နယ်ခြားစည်းရိုးများအား ပိတ်လိုက်သည့်အတွက် သီးနှံပင်များ စိုက်ပျိုးစားသောက်ရေး လုပ်ငန်းများ ခက်ခဲလာသည် ဟု ဒေသခံများက ပြောသည်။

နယ်စပ်စည်းရိုးလာရောက် ပိတ်လိုက်သည့်နေရာသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖိုင်ကောင်းကျေးရွာအနီးတွင်တရုတ်ဖက်မှ နယ်ခြား ကွန်ကရစ်တိုင် လာရောက်တည်ဆောက်ခဲ့သည့် နေရာအနီးတဝှိုက်တွင် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“နယ်စပ် စည်းရိုး ပေ ၃၀ ပတ်ပတ်လည်လောက်မှာရှိတဲ့ လယ်စိုက်ထားတာတွေရှိတယ်၊ သီးနှံပင်တွေ စိုက်ထားတာရှိတယ်။ ငရုတ်သီးတွေစိုက်ထားတာရှိတယ်။ အမျိုးမျိုးပေါ့။ အဲ့မှာပတ်ပတ်လည်မှာ ဘာမှသွားလာ လုပ်ပိုင်ခွင့်မပေးတော့ဘူး တရုတ်ဘက်က။ ဟိုတခေါက်က လာပြီး ကွန်ကရစ်တိုင်စိုက်တဲ့နေရာ ပတ်ပတ်လည် မှာပေါ့နော် အဲ့မှာ ဘာမှ လုပ်ပိုင်ခွင့် မပေးတော့ တာ။ မြန်မာဘက်အခြမ်းနော် အခုဖြစ်တာက။ ကိုယ်ပိုင်တဲ့ နယ်မြေတွေဖြစ်ပေမယ့် အခုဆို ဘာမှလုပ်စား ကိုင်းစားလို့မရတော့ဘူး ဖြစ်နေတယ်”

တရုတ်ဘက်ခြမ်းမှ ယခုကဲ့သို့ နယ်ခြားစည်းရိုးခတ်ကာ သွားလာခွင့်များ ပိတ်လိုက်သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိပြီဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“အရင်ကတော့ ဒီနေရာက တရုတ်ဘက်ခြမ်း၊ မြန်မာဘက် ခြမ်းဝင်ထွက်သွားလာလို့ရတယ်။ အခုတော့ သွားလာလို့မရတော့ဘူး။ ဈေးဝယ်သွားတာမျိုးတွေလည်း မရတော့ဘူး။ အခုဆို ပန်ဆိုင်းဘက်ကနေ သွားပြီး တရုတ်ဘက်ခြမ်းကို ဈေးဝယ်ထွက်ရတယ်” ဟုပြောသည်။

အဆိုပါကိစ္စရပ်ကို ဖြေရှင်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာပေးပို့ထားသော်လည်း ယနေ့ချိန်ထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးမှုများ မရှိသေးဘူးဟု ဖိုင်းကောင်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်-မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ ဖိုင်ကောင်း ကျေးရွာအနီးတွင် တရုတ်အာဏာပိုင်များက နယ်စပ်ကြား သံတိုင်များ၊ ကွန်ကရက်တိုင်များကို လာရောက် တည်ဆောက်ခဲ့သည်။

ထိုနောက် မြန်မာဖက်ခြမ်းမှ တာဝန်ရှိသူများမှ ကန့်ကွက်ပြောဆို ညှိနှိုင်းမှုများကြောင့် ၂၀ ရက်နေ့တွင် လာ ရောက်ဖြုတ်သိမ်းခဲ့သည်။ ယင်းနောက် ယခုကဲ့သို့ ပြဿနာများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်ဟု သိရသည်။

ဖိုင်ကောင်းကျေးရွာအနီး တရုတ်ဘက်ခြမ်းတွင် ဒေသတွင်းရှိ တရုတ်အာဏာပိုင်များ၏ စောင့်ကြည့်နေမှုများ၊ လှုပ်ရှားမှုများ ပိုမိုတိုးလာနေသည်ဟု ပြောသည်။

“ဒီပြဿနာဖြစ်ပြီးနောက် အရင်ကထက်ပိုပြီး တရုတ်ဘက်က လှုပ်ရှားမှုတွေရှိတယ်။ နယ်စပ်မှာရှိတဲ့ စစ်သားတွေ ရဲတွေ စောင့်တာမျိုးတွေရှိတယ်။ လက်နက်ကြီးကျည် ပါတဲ့ကားတွေလည်း ခနခန သွားနေတာတွေ တွေ့ရတယ်။” ဟု ဒေသခံတစ်ဦး က ဆက်ပြောသည်။

၎င်းဖြစ်စဉ်များနှင့် ပတ်သက်၍ အဘယ့်ကြောင့် သံတိုင်များ၊ ကွန်ကရစ်တံတိုင်းများ တည်ဆောက်ခဲ့ခြင်း၊ ဖြုတ်သိမ်းသွားခြင်းနှင့် ယခုကဲ့သို့ တရုတ်ဘက်ခြမ်းမှ နယ်စပ်ထွက်ပေါက်များ၊ လမ်းများ ပြန်လည်ပိတ်လိုက်ခြင်းများအား တစုံတရာ မသိရဘူးဟု ဒေသခံများက ပြောသည်။

တရုတ်ဘက်ခြမ်းမှလည်း ပွင့်လင်းမြင်သာမှုမရှိသလို မြန်မာဘက်ခြမ်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အဆိုပါကိစ္စ ဖြစ်စဉ်များနှင့် ပတ်သက်၍ အခင်းဖြစ်ပွားချိန်မှ ယနေ့ထိ ဒေသခံများအား ရှင်းပြခြင်း၊ အကြောင်းကြားခြင်းများ မရှိဘူးဟု ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်မှာ ဖိုင်ကောင်းကျေးရွာအနီးရှိ (၁၉၉၃) ခုနှစ်က တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တည်ဆောက်ထားသည့် နယ်ခြားမှတ်တိုင်အနီးတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဖိုင်ကောင်းကျေးရွာတွင် ကချင်နှင့် ရှမ်း တိုင်းရင်းသားများ အများဆုံးနေထိုင်ပြီး အိမ်ခြေ (၆၀) ကျော်ရှိကာ လူဦးရေ ငါးရာကျော်ခန့် နေထိုင်သည်။