ယာဉ်ထိန်းရဲအား ပစ်ခတ်ခဲ့သူ မောင်းနှင်လာခဲ့သည့် ကားပေါ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

မော်လမြိုင်တွင် ယာဉ်ထိန်းရဲအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ နိုင်ပိုက်ထွေး မောင်းနှင်ခဲ့သည့် ယာဉ်ကို ရှာဖွေခဲ့ရာတွင် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိသည်ဟု မွန်ပြည်နယ် ရဲက ပြောသည်။

ထွက်ပြေးနေသော နိုင်ပိုက်ထွေးနှင့် ပတ်သက်ပြီး ကွင်းဆက်လိုက်ရာတွင် ၎င်းမောင်းနှင်လာသည့် မော်တော်ယာဉ်ထဲတွင် မူးယစ် ဆေးဝါးပါရှိသည်ဆိုသည့် သတင်းအရ ယာဉ်ထဲရှာဖွေရာတွင် WY နှင့် R စာတမ်းပါ မူးယစ်ဆေးဝါး အပြား ၂၀၀၀ ကို ရှာဖွေသိမ်းဆည်းရမိသည် ဟု ဒု-ရဲအုပ် တင်ဇော်ဦး က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် နိုင်ပိုက်ထွေးကို ပိတ်ဆို့ရှာဖွေလျက်ရှိသည်ဟု မြိုင်သာယာ နယ်မြေရဲစခန်းမှ သိရသည်။

“အခုလောလောဆယ်တော့ ကျနော်တို့ တပ်နဲ့ရော ရဲတွေရော အကုန်လုံးပေါင်းပြီးတော့ တောနင်းရှာနေတာပေါ့၊ ဘာမှတော့ မထူးသေးဘူး၊ ပိတ်ဆို့မှုတွေ အကုန်လုံးလုပ်ထားတယ်။ လမ်းဆုံတွေရော ကုန်လုံးကိုလည်း အကြောင်းကြားထားတယ်” ဟု မြိုင်သာယာနယ်မြေရဲစခန်းမှ ဒု-ရဲအုပ် တင်ဇော်ဦးက ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ် မျိုး ဇော်ဦးနှင့် ဒု-တပ်ကြပ် သက်ကိုဦးတို့သည် မော်လမြိုင်မြို့ ဒေါင်းဇရပ်ရပ်ကွက်ရှိ ဒေါင်းဇရပ်မီးပွိုင့် လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေစဉ် မုဒုံဘက်မှ ဈေးကြိုဘက်သို့ မောင်းနှင်လာသည့် YGN 3K/3889 နံပါတ် တပ်ဆင် ထားသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရန် တားဆီးရာ ၎င်းယာဉ်မှာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ မောင်းပြေး ခဲ့သည်။

ထို့နောက် ရဲတပ်ကြပ်နှင့် ဒု-ရဲတပ်ကြပ်တို့မှ ဆိုင်ကယ်ဖြင့် ယာဉ်နောက်လိုက်ခဲ့ရာ မော်လမြိုင်မြို့ ၊ မြိုင်သာယာ ရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံအရောက်တွင် ၎င်းယာဉ်ရှေ့မှ ပိတ်၍ ရပ်တန့်စဉ် ယာဉ်မှဆိုင်ကယ်အားတိုက်ပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် ၎င်းယာဉ်မောင်းမှ အသင့်ပါလာသော သေနတ်ဖြင့် ၄/၅ ချက်ခန့် ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ်နှင့် အရပ်သားတစ်ဦး ထိရှပ်ဒဏ်ရာ ၁ ချက်စီ ရရှိသွားခဲ့သည်။

ယာဉ်ထိန်းရဲကို မော်တော်ယာဉ်ဖြင့်တိုက် သေနတ်ဖြင့် ပစ်ခတ်သူသည် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်မှ ဒု-ဗိုလ် အဆင့်ရှိ နိုင်ပိုက်ထွေး ဟု မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့က အတည်ပြုထားပြီး လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လျှက်ရှိသည်။

“ကျနော်တို့ မွန်ပြည်နယ်မှာ မော်လမြိုင်မြို့မှာ ဒါဟာ ပထမဦးဆုံးအကြိမ်ဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုပေါ့နော်။ ဒါကလည်း လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်နေတဲ့အတွက် ကျနော်တို့ ကြည့်ပြီးတော့ သတိဝီရိယ ထားပြီးတော့ စစ်ဆေးရမယ့် အပိုင်းဖြစ်သွားပြီ” ဟု မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး သိန်းထွန်းဦးက ပြောသည်။

မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် နိုင်ပိုက်ထွေးဆိုသူသည် ၎င်းတို့တပ်ဖွဲ့ဝင်မဟုတ်ကြောင်းနှင့် ၎င်းကိုင်ဆောင်ထားသော မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့ဝင်ကဒ်သည်လည်း အတုဖြစ်ကြောင်း ငြင်းဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ပိုက်ထွေးဆိုသူအား မြိုင်သာယာနယ်မြေရဲစခန်းတွင် မယ(ပ)၁၇/၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၃၃ (ဝတ္တရားနှောင့်ယှက်မှု)၊ ၃၀၇ (လူ့အသက် သေစေရန်အားထုတ်မှု)၊ ၁၁၄ (အားပေးကူညီ မှု) နှင့် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉ (က)/၂၁ တို့ ဖြင့် အမှုဖွင့်ထားသည်။