ရဲအား သေနတ်ဖြင့်ပစ်သည့် တရားခံပြေးအား ဖမ်းမိပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊အောက်တိုဘာလ ၁၇ ရက်။
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ယာဉ်ထိန်းရဲကို သေနတ်ဖြင့် ပစ်ခဲ့သည့် တရားခံပြေးကို ဖမ်းဆီးရမိပြီဟု မြိုင်သာယာနယ်မြေရဲစခန်းက ပြောသည်။
ယာဉ်ထိန်းရဲအား မော်တော်ယာဉ်ဖြင့်တိုက်၊ သေနတ်ဖြင့် ပစ်ခတ်သွားသူ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်မှ ဒု-ဗိုလ်အဆင့်ရှိ နိုင်ပိုက်ထွေးဆိုသူအား အောက်တိုဘာလ ၁၇ ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မြိုင်သာယာ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦး က ပြောသည်။
“၁၄ ရက်နေ့က ဖြစ်သွားတဲ့ အဓိကတရားခံပေါ့ နိုင်ပိုက်ထွေးကို ဒီနေ့မနက် ၅ နာရီခွဲမှာ ဗိုလ်ချုပ်အောင်ဆန်း လမ်း အထက (၁၂) နဲ့ စာတိုက်လမ်းခွဲကြားမှာ ဖမ်းမိတယ်၊ တစ်ယောက်ကနေပြီးတော့ လူတစ်ယောက် မသင်္ကာဘူးဆိုတဲ့လေး ကျွန်တော်တို့ကို သတင်းလာပေးတော့ ကျွန်တော်တို့ ချက်ချင်းပဲ သွားတော့ လူတစ်ဦးကို မသင်္ကာတော့ ခေါ်မေးတော့ ကျွန်တော်တို့ လိုချင်တဲ့ အဓိကတရားခံဖြစ်နေတယ်” ဟု ရဲအုပ် တင်ထွန်းဦးက ပြောသည်။
နိုင်ပိုက်ထွေးအား မြိုင်သာယာနယ်မြေရဲစခန်းတွင် မယ(ပ)၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (ဝတ္တရား နှောင့် ယှက်မှု)၊ ၃၀၇ (လူ့အသက် သေစေရန်အားထုတ်)၊ ၁၁၄ (အားပေးကူညီမှု) နှင့် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉ (က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု မော်လမြိုင်မြို့ မြိုင်သာယာနယ်မြေ ရဲစခန်းက ပြောသည်။
မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကလည်း နိုင်ပိုက်ထွေးဆိုသူသည် ၎င်းတို့တပ်ဖွဲ့ဝင်မဟုတ်ကြောင်းနှင့် ၎င်း ကိုင်ဆောင်ထားသော မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့ဝင်ကဒ်သည်လည်း အတုအယောင်ဖြစ်ကြောင်း ငြင်းဆိုထားသည်။
လက်ရှိတွင် နိုင်ပိုက်ထွေးကို မြိုင်သာယာနယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ရဲအုပ် တင်ထွန်းဦးက “ရဲလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ် သူနဲ့ ကွင်းဆက်တွေကိုလည်း ဆက် လိုက်နေတယ်၊ အမှုနဲ့ ပတ်သက်တဲ့ဟာပေါ့ ကျွန်တော်တို့ စစ်ဆေးလို့ ပေါ်ခဲ့ရင် ရဲလုပ်ငန်းတွေ ဆက်ဆောင် ရွက်ရမယ်” ဟု ပြောသည်။
ပြီးခဲ့သည် အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ် မျိုးဇော်ဦးနှင့် ဒု-တပ်ကြပ် သက်ကိုဦးတို့သည် မော်လမြိုင်မြို့ ဒေါင်းဇရပ်ရပ်ကွက်ရှိ ဒေါင်းဇရပ်မီးပွိုင့် လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေစဉ် မုဒုံဘက်မှ ဈေးကြိုဘက်သို့ မောင်းနှင်လာသည့် YGN 3K/3889 နံပါတ် တပ်ဆင်ထားသည့် ယာဉ်အားရပ်တန့်စစ်ဆေးရန် တားဆီးရာ ၎င်းယာဉ်မှာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ မောင်းပြေးခဲ့သည်။
ထို့နောက် ရဲတပ်ကြပ်နှင့် ဒု-ရဲတပ်ကြပ်တို့မှ ဆိုင်ကယ်ဖြင့် ယာဉ်နောက်လိုက်ခဲ့ရာ မော်လမြိုင်မြို့ ၊ မြိုင်သာယာ ရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံအရောက်တွင် ၎င်းယာဉ်ရှေ့မှ ပိတ်၍ ရပ်တန့်စဉ် ယာဉ်မှ ဆိုင်ကယ် အားတိုက်ပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် ၎င်းယာဉ်မောင်းမှ အသင့်ပါလာသော သေနတ်ဖြင့် ၄/၅ ချက်ခန့် ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ်နှင့် အရပ်သားတစ်ဦး ထိရှပ်ဒဏ်ရာ ၁ ချက်စီ ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နိုင်ပိုက်ထွေးမောင်းနှင်လာသည့် မော်တော်ယာဉ်ထဲတွင်လည်း WY နှင့် R စာတမ်းပါ မူးယစ်ဆေးဝါး အပြား ၂၀၀၀ ကိုလည်း ရှာဖွေသိမ်းဆည်းရမိသည်ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။