မူဆယ်တွင် နယ်စပ်ဈေးရုံး တည်ဆောက်မှု တရုတ်လက်နက်ကိုင်များ လာရောက်ဟန့်တား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။
တရုတ်နယ်စပ် မူဆယ်မြို့ နယ်ရှိ ဆင်ဖြူနယ်စပ်ဂိတ်အနီးတွင် မြန်မာဘက်မှ ဈေးကော်မတီရုံး ဆောက်လုပ်မှုကို တရုတ်ဘက်က ယူနီဖောင်းများ လက်နက်များဖြင့် လာရောက်ပြီး တရုတ်ပိုင်မြေဟုဆိုကာ တားဆီးခဲ့သည်ဟု ဆင်ဖြူဂိတ် အနီးတွင် နေထိုင်သူ မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။
“ကျနော်တို့ မြန်မာဖက်မှာ ကျနော်တို့ ဆင်ဖြူဖက်က ဒီမှာက မူဆယ် ဆင်ဖြူဂိတ်ပေါက် သွားတဲ့လမ်းပေါ့။ ဂိတ်ပေါက်သွားတဲ့လမ်းမှာ ကျနော်တို့ ဆင်ဖြူဈေးဆိုတာရှိတယ်။ အဲဒီမှာ ဆင်ဖြူ ဈေးကော်မတီရုံး ဆောက်တယ်။ ဆောက်တဲ့နေရာကို သူတို့လည်း စကားပြန်နဲ့ လာပြီးတော့ ဒီဖက်မှာ လာပြောတယ်။ သူတို့ နယ်မြေ ဆိုပြီးတော့ သူတို့က ဒီမှာလာပြီးတော့ ဟန့်တားတာပေါ့နော်”
မျက်မြင်တွေ့သော ဒေသခံက တရုတ်တို့က ယင်းနေရာကို တရုတ်ပိုင်မြေဟု စကားပြန်ဖြင့် ပြောဆိုကာ တားဆီးခဲ့ကြောင်း ပြောပြသည်။
“လက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြန်တွေက ဒီနေရာ သူမြေပေါ့ သူနေရာ ဘာလို့ဆောက်ရလဲ ဘယ်သူခွင့် ပြုချက်နဲ့ အဲလိုမျိုး မေးတယ်ပေါ့။”
တရုတ်အာဏာပိုင်များမှ မြန်မာဖက်ခြမ်းသို့ ဝင်ရောက်ရာတွင် ခြိမ်းခြောက်သည့်ပုံစံဖြင့် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားကာ လက်နက်များ ကိုင်ဆောင် ဝင်ရောက်လာခဲ့သည်ဟု အမည်မဖော်လိုသော ဒေသခံက ပြောသည်။
“သူတို့က ခြိမ်းခြောက်တဲပုံစံမျိုးနဲ့ လာတဲ့ပုံစံမျိုးကျတယ်။ စစ်တပ်တွေရော တင့်ကားတွေရော သူတို့ဖက်ခြမ်းမှာ ရပ်ထားတွေကလေ။ နောက်ကျတော့ သူတို့ ဝင်လာတဲ့အပေါက်ကလည်း ဘယ်လိုခေါ်မလဲ ကျနော်တို့ သတ်မှတ်ထားတဲ့ ဂိတ်ပေါက်တွေ မဟုတ်ဘူး။ သူတို့ ကြားပေါက်ပေါ့နော။ အဲနားမှာ ရှိတဲ့အပေါက်ကနေဝင်တာ။ ဝင်လာတဲ့အခါကျတော့ လက်နက်ကိုင်တွေ ပျောက်ကြားတပ်ဖွဲ့ဝင်တွေ ပါလာတယ်”
ယခုကဲ့သို့ တရုတ်အာဏာပိုင်များမှ မြန်မာဖက်ခြမ်းသို့ လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်လာသည်ကို နှစ် နိုင်ငံ သံတမန်နည်းအရ ကန့်ကွက်စာ ပေးပို့ထားပြီဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။
“လက်နက်ကိုင်အဖွဲ့တို့ ဘာတို့ ဒီလိုလာရောက်ဆောင်ရွက်မယ်ဆိုရင် ကျနော်တု့ိကို ကြိုတင် အကြောင်းကြားပြီး ခွင့်ပြုချက်ယူရပါတယ်။ အခုတော့ သူတို့အကြောင်းကြားခြင်း မရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ ၂ နိုင်ငံ သံတမန် နည်းကနေပြီးတော့ ကန့်ကွက်စာပေးပို့ပြီးဖြစ်ပါတယ်”
နယ်စပ် ဆယ်မီတာ အတွင်းတွင် ဆောက်လုပ်သည်ဟု ယူဆခြင်းကြောင့် ယခုကဲ့သို့ လာရောက် ကန့်ကွက်ပုံ ရသည်ဟု ဦးဥက္ကာ က ပြောသည်။
“အကြောင်းအရင်းကတော့ ကျနော်တို့ နှစ်နိုင်ငံနယ်စပ်မျဉ်းရဲ့ ဆယ်မီတာအတွင်းမှာ တစ်ဖက်နှင့်တစ်ဖက် အခိုင်အမာ အဆောက်အအုံ မဆောက်လုပ်ရဆိုတဲ့ ကျနော်တို့ သဘောတူညီချက်ရှိပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ဆီ ဆယ်မီတာအတွင်း ကျရောက်နေတယ်လို့ ယူဆလို့ လာရောက်ကန့်ကွက်တယ်လို့ အဲလိုပဲ ယူဆပါတယ်”
ယခုအငြင်းပွားသော နေရာတွင် ယခင်ကလည်း တစ်ကြိမ် ပြဿနာဖြစ်ပွားခဲ့ဘူးသည်ဟု မူဆယ်ဒေသခံများ က ပြောသည်။
“သူတို့က အဲနားလေးမှာ မြောင်းကျော်တာနဲ့ကို ကျော်တဲ့အခြမ်းအထိကို သူတို့ပြောတာတော့ မီတာ ၃၀ လောက်အထိကို သူတို့ ပိုင်တဲ့ မြေလို့ သူတို့က သတ်မှတ်ထားတာထင်တယ်။ ပထမတစ်ခေါက်တုန်းကလည်း မီးသတ်ရုံ ဆောက်တုန်းကလည်း အဲလိုပြဿနာဖြစ်ဘူးတယ်။ အဲနားလေးမှာ ကျနော်တို့ ဆင်ဖြူမီးသတ်ရုံပေါ့နော ကားထားတဲ့ရုံတစ်ခါဆောက်သေးတယ် အဲတုန်းကလည်း တစ်ခါဖြစ်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
သိုသော် ပထမတစ်ခေါက်တွင် နှစ်ဖက်ညှိနှိုင်းမှှုအရ ဆင်ဖြူဈေး မီးသတ်ရုံးကို အခိုင်အမာ တည်ဆောက်ခွင့် မရရှိခဲ့ပဲ ရွေ့လျားနိုင်သည့် ဘီးများတပ်ဆင်ကာ ယာယီတည်ဆောက်ခွင့် သဘောတူညီမူဖြင့် ပြီးဆုံးခဲ့သည်ဟု မူဆယ်ဒေသခံများက ဆိုသည်။