နန်းမိုဟွမ်အား မိသားစုထံ ပြန်လည် အပ်နှံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ဥက္ကဋ္ဌ ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နန်းမိုဟွမ်အား အောက်တိုဘာလ ၁၇ ရက် ယမန်နေ့က SSPP/SSA က အခမ်းအနား ဖြင့် မိသားစုထံ ပြန်လည်အပ်နှံခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

နန်းမိုဟွမ်အား မိသားစုထံ ပြန်လည်အပ်နှံသည့် အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းတွင် ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၁၅ ရက်နေ့က PSLF/TNLA က နန်းမိုဟွမ်အား ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် SSPP/SSA နှင့် မိသားစုဝင်များထံ အပ်နှံပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ထဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှာ တာဝန်ရှိသူများဖြစ်သည့် မဟာမိတ် ဆက်ဆံ ရေး တာဝန်ခံ ဗိုလ်မှူးသန်းအောင်၊ အမှတ် (၉) ခရိုင်အုပ်ချုပ်ရေးမှူး စဝ်သီဟနှင့် မိသားစုဝင်များဖြစ်သည့် စိုင်းခန်းဆိုင်၊ ဦးစိုင်းထွန်းလှိုင်နှင့် အဒေါ်ဖြစ်သူ ဒေါ်နန်းမြရင်တို့ထံ မနန်းမိုဟွမ်အား ကောင်းမွန်စွာ အပ်နှံခဲ့သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နန်းမိုဟွမ်အား PSLF/TNLA မှ ၎င်းတို့၏ ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ ၎င်း၏ နေအိမ်တွင် လာရောက်ဖမ်ဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် နန်းမိုဟွမ်မှ ၎င်းတို့၏ ဥပဒေကို ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အောက်တိုဘာလ ၅ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် PSLF/TNLA ၏ ဗဟို တရားရုံးမှ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရား နှောက်ယှက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားသည်ဟု တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်ဖြစ်သည်ဟု အောက်တိုဘာလ (၉ ) ရက်နေ့က PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအား ပြောဆိုထားသည်။

၎င်းနောက် PSLF/TNLA ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အား ရှမ်းလူမှုအဖွဲ့အစည်းများက နန်းမိုဟွမ်လွတ်မြောက်ရန် ကြားဝင်ညှိနှိုင်းပေးပါရန် အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် အောက်တိုဘာလ ၉ ရက်နေ့တွင် နန်းမိုဟွမ် မိသားစုဝင်များနှင့်အတူ နမ့်ခမ်းရှိ ရှမ်းလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် ၄ ဦးတို့သည် FPNCC ၏ စီစဉ်ပေးမှုကြောင့် နန်းမိုဟွမ်လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး PSLF/TNLA နှင့် “o”ဒေသ ပန်ဆန်း(ပန်ခမ်း) ရှိပြင်ဆက်ဆံရေးဌာ အစည်းအဝေးခန်းမတွင် တိုက်ရိုက် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီး FPNCC နှင့် ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့မှ နန်းမိုဟွမ်လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး ပူးတွဲထုတ်ပြန်ချက်ထဲတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA အနေဖြင့် ကာလရှည်ကြာ အတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးမှုကို ရှေ့ရှုး၍ နန်းမိုဟွမ်အား လွှတ်ပေးခဲ့ပြီး အမြန်ဆုံးလွှတ်ပေးပါရန် သဘောတူခဲ့ပါသည်ဟု ပါရှိသည်။