မိုင်းပန်တွင် RCSS (ရှမ်းတပ်) နှင့် PNLO (ပအိုဝ်းတပ်) တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။
ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်များ ရေးထိုးထားကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PNLO က ပြောသည်။
“ကျနော်က ၁၆ ရက်နေ့မှာတစ်ခါ၊ ၁၃ မှာတစ်ခါ၊ ကျနော်တို့လူတွေရောက်တဲ့ သတင်းကြားပြီးတော့ လာပြီး ပစ်ခတ်တာရှိတယ်။ ဘယ်သူမှတော့ ပြန်မပစ်ပါဘူး။ ရှောင်သွားပြီးတော့ တခြားမှာသွားနေတာပေါ့။ အဲ့နေတဲ့ အချိန်မှာ နောက်ထပ် အင်အားအလုံးအရင်နဲ့ လာပြန်ပစ်ခတ်တဲ့သဘောမျိုးပေါ့လေ။ အလုံးအရင်းက လူနှစ်ရာ ကျော် သုံးရာနီးပါးသုံးတယ်လို့ ကြားတယ်။ ကျနော်တို့ဘက်က ရဲဘော်က ၂၀ မပြည့်ပါဘူး” ဟု ပအိုဝ်း အမျိုး ားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
အချင်းချင်းကြား ရည်မှန်းချက်ရှိရှိ အပြန်အလှန်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘူး ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
“လူ ၂၀၀ လောက်နဲ့ အထင်အမြင်မှားပြီးတော့ ဘာလာလုပ်မှန်းမသိ အဆက်အသွယ်မရဆိုတော့ ဝိုင်းဝန်းပြီး တော့ ချေမှုန်းတိုက်ခိုက်တဲ့ ပုံစံမျိုးပေါ့လေ။ ဟိုဘက်ကလည်း ကြောက်ကြောက်နဲ့ခုခံရတာပေါ့။ ဘာမှန်းမသိ ညာမှန်းမသိဆိုတော့။ အဲ့လိုနဲ့ လာတိုက်တာနဲ့ ခုခံတာနဲ့ အဲ့ဒီလိုဖြစ်သွားတာပေါ့ဗျာ။”
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရှိမှုများရှိပြီး အဆိုပါအခြေအနေများနှင့် ပတ်သက် အတိအကျ မသိရသေးဘူးဟု ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ပအိုဝ်းတိုင်းရင်းသားများ အများဆုံးနေထိုင်နေသည့် ဒေသဖြစ်သည်ဟု PNLO က ပြောသည်။
“ကျနော်တို့ မိုင်းပန်အနောက်ခြမ်း သံလွင်မြစ်နဲ့ ကြားမှာပေါ့။ မိုင်းပန်မြို့နယ်ထဲမှာပဲ။ ကျနော်တို့ အခေါ်ကတော့ ကောင်တန်အထူးဒေသလို့ ခေါ်တယ်။ ကောင်တန်လွယ်ကုန်းမော အထူးဒေသ၊ အဲ့ဒီနေရာက တချိန်တုန်းက ဦးခွန်ဆာကနေပြီးတော့ ရွာသားတွေကို အစုလိုက်အပြုံလိုက်သတ်ဖူးတဲ့နေရာ။ နာမည်ကြီးနေရာပါပဲ အဲ့ဒီနေ ရာက။ အဲ့ဒီက ရွာသားတွေက ပအိုဝ်းရွာသားတွေ ဖြစ်ပါတယ်။ သူတို့က စိုးရိမ် ကြောက်လန့်မှုရှိတယ် မလုံခြုံ ဘူး၊ အသက်အိုးအိမ်စည်းစိမ် စိုးရိမ်ရတယ်။ မနိုင်ဝန်ထမ်းနေရတာပေါ့၊ လက်နက်ကိုင်အဖွဲ့ ဆန်များများစား စားတောင်းတာတို့ စစ်မှုထမ်းဖို့အတွက် လူအင်အားတောင်းတာတို့၊ အဲ့ဒီဒဏ်တွေ မခံနိုင်တော့ဘူးပေါ့ဆိုတော့ အခြေအနေသိရအောင် ကျနော်တို့ဆီက တချို့ လေ့လာရေးသွားတဲ့ အချိန်မှာ ပြဿနာ ဖြစ်တာပါ” ဟု ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။
သို့သော်လည်း ယင်းနေရာမှာ PNLO တပ်စခန်းများ အခြေဆိုက်ရာ နေရာမဟုတ်ပဲ၊ ပုံမှန်အားဖြင့် RCSS/SSA တပ်စခန်းများ အနေများသည့် နယ်မြေဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။
တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ RCSS/SSA အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အပစ်ရပ်အဖွဲ့ နှစ်ဖွဲ့ ကြား ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းမှာ မကောင်းသည့် လက္ခဏာ တစ်ခုသာဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေတွင် လှုပ်ရှားနေသည့်တပ်များ၊ တပ်မှူးများအား ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း PNLO က ပြောသည်။
PNLO နှင့် RCSS နှစ်ဘက်တပ်တို့ အကြား ယခင်ကလည်း အလားတူ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး နှစ်ဘက် ခေါင်းဆောင်များ ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများဖြင့် ပြေလည်မှုများ ရှိခဲ့သည့်အတွက် အခြေအနေများကို ပြန်လည်စိစစ်ပြီး ခေါင်းဆောင်များ ညှိနှိုင်းဖို့လိုအပ်ပါက ပြန်လည်တွေ့ဆုံညှိနှိုင်း သွားမည်ဟု PNLO က ပြောသည်။