ပြိုကျသော တောင်အနီးရှိ မူလတန်းကို ရွှေ့ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

ပြိုကျခဲ့သော မွန်ပြည်နယ်အတွင်းရှိ ရဲပြားတောင် အနီးက မူလတန်းကျောင်းကို ပညာရှင်များ၏ အကြံပြုချက်အရ ရွှေ့ပြောင်းခဲ့ရသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့ နယ် တောင်ပြိုမှုဖြစ်ပွားခဲ့သည့် သဲဖြူကုန်းကျေးရွာအနီးရှိ ရဲပြားကုန်းတောင်ခြေတွင် တည်ရှိနေသည့် အခြေခံပညာမူလတန်းကျောင်းကို ရန်ကုန်တက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်များနှင့် နည်းပညာရှင်များအဖွဲ့၏ မြေပြင်အခြေအနေ ကနဦးလေ့လာတွေ့ရှိချက်အရ တောင်ကြောနှင့် အနီးဆုံးနေရာရှိ မူလတန်းစာသင်ကျောင်းအား ဆက်လက်အသုံးမပြုရန် အကြံပြုခဲ့သည့်အတွက် ကျောင်းကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။

“လက်ရှိ တောင်ကြောနှင့် အနီးဆုံးနေရာတွင် တည်ရှိနေသော မူလတန်းစာသင်ကျောင်းအား ဆက်လက်အသုံးမပြုရန် အကြံပြုအပ်ပါသည်ဆိုတဲ့ စာ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ ရရှိတာနဲ့ ဝန်ကြီးချုပ်ဦးဆောင်ပြီး တာ ဝန်ရှိသူများမှ ရဲပြားကုန်း အမကကျောင်းကို ချက်ချင်းသွားပြီးတော့ ကျောင်းသူ/ကျောင်းသားတွေကို အလက သဲဖြူကုန်းကျောင်းသို့ ယာယီပြောင်းရွှေ့ သင်ကြားစေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့တယ်” ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး) ဦးထွန်းမင်းအောင်က ပြောသည်။

လက်ရှိတွင် ရဲပြားကုန်းမူလတန်းကျောင်းကို သဲဖြူကုန်း အလယ်တန်းကျောင်းသို့ ယာယီပြောင်းရွှေ့ သင်ကြားစေပြီး မြေနေရာရှာဖွေရရှိပါက မူလတန်းကျောင်းကို အမြန်ဆုံးတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု ပြည်နယ်အစိုးရက ပြောသည်။

ထို့အပြင် ရဲပြားကုန်းတောင်ပေါ်တွင် မြေသားအက်ကွဲမှုဖြစ်နေသည့်အတွက် တောင်ပေါ်ရှိ အရံစေတီများကိုလည်း သြဂုတ်လ ၁၉ ရက်နေ့ကတည်းက ပြောင်းရွှေ့ ထားပြီး ဖြစ်သည်။

နေရာပြောင်းရွှေ့ထားရသည့် မူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများအတွက် ကြိုပို့ကား စီစဉ်ထားပြီး သင်ကြားရေးအပိုင်းတွင်လည်း အဆင်ပြေမှုရှိစေရန် ပြည်နယ်နှင့် မြို့ နယ်ပညာရေးမှူးုရုံးတို့မှ စီစဉ်ဆောက်ရွက်ထားသည်ဟု အစိုးရက ပြောသည်။

အဆိုပါ မူလတန်းကျောင်းတွင် ကျောင်းသူ/ကျောင်းသား ၁၅၀ ခန့် ပညာသင်ကြားနေပြီး သဲဖြူကုန်း တောင်ပြိုစဉ်က အဆိုပါကျောင်းမှ ကျောင်းသူ/ကျောင်းသား ၁၂ ဦးခန့် ပါသွားသည်ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာတွင် တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၀ ဦး သေဆုံးခဲ့ ရသည်။

တောင်ပြိုမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပေါင်မြို့ နယ်အတွင်းရှိ တောင်နှင့် နီးစပ်သည့်နေရာများတွင် နေထိုင်နေကြ သည့် ဒေသခံပြည်သူများက တောင်ပြိုကျမှုများ ဆက်လက်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

တောင်ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာအပြင် ယခု မြေသားအက်ကွဲမှုဖြစ်နေသည့် ရဲပြားကုန်းတောင် အနီးနား တဝိုက်နှင့် အခြားသော တောင်ခြေနေရာတို့တွင် နေထိုင်ရန်သင့် မသင့်၊ အန္တရာယ်ရှိ မရှိ အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန် ပြောဆိုထားခြင်းမရှိသေးသောကြောင့် လူထု အတွက် ပိုပြီး စိုးရိမ်စရာဖြစ်စေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

တောင်ပြိုမှုဖြစ်ပွားထားသည့်နေရာမှာတော့ ဘူမိဗေဒပညာရှင်အကူအညီဖြင့် စစ်ဆေးမှုပြုလုပ်ထားပြီး အဖြေ မထွက်သေးသော်လည်း မကြာခင်တွင် နေထိုင်ရန်သင့် မသင့် အန္တရာယ်ရှိ မရှိကို သိရှိနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့က ပြောဆိုထားသည်။