ကရင်နီလူငယ် ၆ ဦး ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိစ္စဖြင့် အမှုဖွင့် တရားရင်ဆိုင်နေရသည့် ကရင်နီလူငယ် ၆ ဦးကို ထောင်ဝင်စာ တွေ့ခွင့်ပိတ်ထားသည်ဟု ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ (ယနေ့)တွင် ကရင်နီလူငယ်တစ်ဦးက ထောင်ဝင်စာသွားတွေ့ရာ တွေ့ခွင့်မရခဲ့ဘူးဟု ပြောသည်။

ထောင်ဝင်စာသွားတွေ့ခဲ့သည့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဥက္ကဌ ခွန်းဘားနဒ်ဘုတ်က “ကျနော်တို့က တွေ့ခွင့်တောင်းတယ်။ သူတို့က တွေ့ခွင့်မပေးဘူးပေါ့နော်။ မနေ့ညက အော်ဟစ်တောင်းဆိုတာတွေလုပ်လို့ ဆိုပြီးမှ ထောင်ပိုင်က တွေ့ခွင့်မပေးဘူးလို့ အဲ့လိုပြောတယ်။ ကျနော်သူတို့ကိုမေးတယ် ဘာတွေအော်ဟစ် တောင်းဆိုလို့လဲဆိုတော့ ပြောလို့မရဘူးပဲ ပြောတယ်။ ကျနော်တို့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ တွေ့ခွင့်တောင်းပြီးစောင့်တာ တွေ့ခွင့်မပေးဘူး” ဟု ပြောသည်။

ကရင်နီလူငယ် ၆ ဦး အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့ နေ ဦးစောခူးတလေ က “ကျနော်အသေးစိတ်တော့ မသိသေးဘူး၊ ဘာလို့တွေ့ခွင့်မပေးလည်းဆိုတာတော့ စာတင်ထားတယ်။ ကျနော်ကတော့ တွေ့ခွင့်ရတယ်။ မနက်ဖြန်ရုံးချိန်းသူတို့ကိုဗျူးလိုက်ပါ” ဟု ပြောသည်။

ကယားပြည်နယ် အစိုးရ၏ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးမှ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် သြဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်း (၉) ကြိမ်မြောက်တွင် တရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၁၀ ဖြင့် စွဲချက်တင်ခံထားရပြီး ထောင်ဝင်စာ ပိတ်ခံထားရသည့် လူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးအား စက်တင်ဘာလ ၂၄ ရက်နေ့ (မနက်ဖြန်) တွင် ၁၃ ကြိမ်မြောက် ရုံးထုတ်မှာ ဖြစ်ပြီး စွပ်စွဲခံထားရသူများကို စစ်ဆေးသွားမည်ဟု သိရသည်။

မနက်ဖြန်ရုံးချိန်းတွင်လည်း ကရင်နီလူငယ်များက ဆက်လက်ဝန်းရံသွားမည်ဟု ပြောသည်။

“နောက်ရုံးချိန်းက မနက်ဖြန်ဗျ။ ကျနော်တို့ကတော့ ဒီရုံးချိန်းကို ဆက်လက်ဝန်းရံသွားမယ်။ အဓိကကတော့ သွားတွေ့တယ်ဆိုတာကလည်း ထောင်ပရဝုဏ်အတွင်းမှာပဲဖြစ်တယ်။ ကျနော်တို့က ဘာမှပြဿနာရှာမှာလည်း မဟုတ်ဘူး။ ဘာကြောင့်ဘာတွေဖြစ်သွားလဲဆိုတာကိုတော့ သိခွင့်ရှိတာပေါ့လေ။ အဲ့ဒီဟာ သိခွင့်မရှိတဲ့အပေါ်မှာပဲ စိတ်မကောင်းဘူးပေါ” ဟု ခွန်းဘားနဒ်ဘုတ်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသား များ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်း သားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေသည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရကာ နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၎င်းတို့ ၆ ဦးအနေဖြင့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ကျခံရ နိုင်သည့်အပြင် ငွေဒဏ်အားဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု သိရသည်။