ပူတာအို စစ်ရှောင်များ နေရာသစ်ချထားပေးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ လုံးစွတ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး မဖြစ် နိုင်သည့်အတွက် ပြောင်းရွှေ့ အခြေချနေထိုင်နိုင်ရေး မြေနေရာတစ်ခု စီစဉ်ပေးစေချင်သည်ဟု စစ်ရှောင် များက ပြောသည်။

ပူတာအိုမြို့ရှိ လုံးစွတ်ရပ်ကွက်တွင် စစ်ဘေးရှောင် ၂၈၀ ကျော် ရှိနေပြီး အများစုမှာ မူလနေရပ်ရင်းသို့ ပြန် ရန် လုံးဝမဖြစ်နိုင်သေးသလို လက်ရှိနေထိုင်နေကြသည့် မြေနေရာတွင်လည်း နေရာအခက်အခဲရှိလာ သည့်အတွက် မြေနေရာတစ်ခုစီစဉ်ပေးစေချင်သည်ဟု ပြောသည်။

စစ်ရှောင်စခန်း တာဝန်ခံ ဦးဖုန်ထိန် က “မူလဒေသကို ပြန်ဖို့ကလည်း တော်တော် လေးခက် နေတယ်။ ပြန်ဖို့ကလည်း ရေကြောင်းလမ်းတစ်ခုပဲ ရှိတာ။ အဲ့ဒီမှာ ဒီစက်လှေဆိပ်မှာ တပ်စခန်းတည်ထားတာ သိပ် မကြာသေးဘူး။ အဲ့ဒီ တပ်စခန်းကလည်း ပြန်ရုပ်ဖို့ ပြန်ဖယ်ပေးမယ့်ပုံမပေါ်ဘူးလေနော်။ အဲ့ဒါကြောင့် သူတို့ က ပြန်ဖို့တော့ ခက်နေတယ်။ ဒါကြောင့် ကျနော်တို့က သူတို့အတွက် ပြန်လည်နေရာချထားရေး လုပ်ဖို့ အတွက်ပေါ့ မြေတောင်းထားတာ ရှိတယ်။ ဒီလ ပထမအပတ် ကြာသပတေးနေ့က KBC ကို စာပို့ထား တယ်” ဟု ပြောသည်။

လမ်းတွင် မြန်မာစစ်တပ်က စခန်းလာချထားခြင်းကြောင့်သာမက မူလနေရာသို့ပြန်ပါက နောက်တကြိမ် စစ်ရှောင်ကြရမည်ကိုလည်း စိုးရိမ်ကြသည်ဟု စစ်ရှောင်များက ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ရုံးချုပ်သို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်ရှောင်များ အတွက် မြေနေရာစီစဉ်ပေးရေး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရထံတင်ပြပေးရန် တောင်းဆိုထားသည်ဟု ဦးဖုန်ထိန်က ပြောသည်။

“ကျနော်တို့ကတော့ KBC ဘက်ကနေ အများပိုင်းကြည့်တာများတော့ KBC ကို စာတင်ထားတယ်။ ဝန်ကြီးချုပ်အနေနဲ့ မြေနေရာပေးဖို့ တောင်းပေးပါဆိုပြီး KBC ကို စာပို့ထားတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဘယ်နေရာ သင့်တော်မလဲဆိုပြီးပေါ့။ အစိုးရနဲ့ Camp က တာဝန်ရှိတဲ့ လူကြီးတွေအတူ ရှာပေးဖို့ဆိုပြီးပေါ့။ အများပိုင်း ကတော့ စစ်ရှောင်တွေရဲ့ ဆန္ဒပါပဲ၊ နဂိုမူလရွာကိုတော့ သူတို့မပြန်ရဲတော့ဘူးလေနော်။ အများပိုင်း သဘော တူလို့ နီးစပ်တဲ့ တစ်နေရာမှာ ပြောရရင်တော့ လုံခြုံတဲ့နေရာပေါ့။ အားလုံး သဘောတူပြီး စာတင်ကြတာ ပါ။”

အဆိုပါ စစ်ရှောင်များမှာ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ် ဖြစ်သည့် မချမ်းဘော၊ ပူတာအို၊ ခေါင် လန်ဖူးမြို့နယ်တို့မှ မပြုံးကျေးရွာ၊ အင်ခါဂါးကျေးရွာ၊ အင်ဖျီဂါးကျေးရွာ၊ ဖကန်းယန်(ဂနိုင်ယန်)ကျေးရွာနှင့် နှင်းတန်ဂေါင်ကျေးရွာတို့မှ ရွာသားများဖြစ်ကြသည်။

မချမ်းဘောမြို့နယ် အင်ဖျီဂါးကျေးရွာက စစ်ဘေးရှောင်လာသည့် စစ်ရှောင် ဒေါ်ထုမိုင် က “ကျမတို့က ဟို ဘက်ပြန်မယ်ဆိုရင်လည်း နောက်ရော အရင်လို စစ်ဖြစ်လာမှာကို အမြဲတမ်းတွေးမိတယ်။ တွေးမိလို့ အဲ့လို မျိုး ဒီမှာ ခြံမြေစီစဉ်ပေးရင်တော့ အဆင်ပြေမလားပေါ့” ဟု ပြောသည်။

“ကျမတို့က ခြံ၊ အိမ်၊ လုပ် စားဖို့ လယ်ပေါ့ အစားအသောက်မရှိရင်က မဖြစ်ဘူးဆိုတော့ လယ်ထွန်ဖို့ ကျွဲ၊ နွား က အစပေါ့နော် လို တာပေါ့။ ကျွဲ၊ နွားမရှိရင်လည်း လယ်ထွန်စက်တို့ပေါ့။ အဲ့လိုမျိုးမဟုတ်ပဲ ဒီအတိုင်း ခြံပဲပေးရင်လည်း ကျမ တို့က ခက်ခဲမှာပေါ့။ အခုက ဘာမှလည်းမရှိဘူးဆိုတော့ ပြည့်ပြည့်စုံစုံစီစဉ် ပေးရင် တော့ အဆင်ပြေတာပေါ့။ ထမင်းတောင်မှ သူများပေးတာပဲ စားနေရတာဆိုတော့။”

လုံးစွတ်စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များထဲမှ အချို့မှာ ၂၀၁၃ ခုနှစ်ကတည်းက ၎င်းတို့၏ နေရပ်ကျေးရွာ များနှင့် အနီးအနားတဝှိုက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ထွက်ပြေးလာကြခြင်းဖြစ်သည်။

အချို့မှာ ၂၀၁၅ ခုနှစ်တွင် ထပ်မံထွက်ပြေးလာခဲ့ကြသည်။

လုံးစွတ်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၆၁) စုရှိပြီး လူဦးရေ ၂၈၀ ကျော်အနက် ကလေးငယ်နှင့် သက်ကြီးရွယ်အိုမှာ အယောက် ၁၅၀ အထက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး တပ်မတော်နှင့် KIO/KIA တို့အကြား တကျော့ပြန်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ပြည်နယ်အတွင်းသာမက ရှမ်းမြောက်ဒေသထိ ဒေသခံပြည်သူ တစ်သိန်းကျော်ခန့် စစ်ဘေးတိန်းရှောင်နေကြရပြီး ယနေ့အချိန်ထိ နေရပ်ပြန်ရေး မဖြစ်နိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။