မူးယစ်ဆေး နှိမ်နင်းနေမှု မူဝါဒနှင့် မကိုက်ညီကြောင်း DPAG ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်။

လက်ရှိ မြန်မာနိုင်ငံ၏ မူးယစ်ဆေး နှိမ်နင်းရေး မူဝါဒများနှင့် ဥပဒေများသည် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု မူးယစ်ဆေးဝါးမူဝါဒ ပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ)-DPAG က ပြောဆိုလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးဆိုင်ရာ မူဝါဒများနှင့် ဥပဒေများသည် တရားမျှတမှု ကင်းမဲ့ပြီး ပြစ်ဒဏ်ပေးခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများကိုသာ ဦးစားပေးနေသည့်အတွက် မလို လားအပ်သည့် နောက်ဆက်တွဲဆိုးကျိုးများသာ ဖြစ်ပေါ်နေသည်ဟု

လက်ရှိ မူဝါဒနှင့် ဥပဒေများသည် တရားမျှတမှု ကင်းမဲ့ပြီး ပြစ်ဒဏ်ပေးခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများကိုသာ ဦးစားပေးထားသည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ (ယနေ့) တွင် ကျင်းပသည့် “နုနယ်သော ဘဝများ ကျိုးပျက်ကြွေလွှင့်ခြင်း” အစီရင်ခံစာ မျှဝေခြင်း အခမ်းအနားတွင် DPAG အဖွဲ့၏ ညှိနှိုင်းရေး တာဝန်ခံ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

DPAG ၏ ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာနန်းပန်းအိခင်က “ကျမတို့ကတော့ အခုလက်ရှိကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါး မူဝါဒပေါ့နော်၊ နိုင်ငံတော်က ရေးဆွဲထားတဲ့ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒဆိုတာ ရှိတယ်။ အဲ့မူဝါဒကတော့ အခုနက ပြောသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ကျန်းမာရေးတို့၊ ပြန်လည်ထူထောင်ရေးတို့ကို ရှေးရှုတယ်ပေါ့။ ဒါပေမယ့်လို့ သမ္မတရုံးက တိုင်ကြားဌာန ဖွင့်တဲ့အချိန်မှာ အဲ့မူဝါဒတွေနဲ့ သွေဖီနေတယ်ပေါ့။ အဲ့ဒါကို ဆိုလိုချင်တာဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတွင် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်ရေး၊ အန္တရာယ်လျော့ချရေး၊ ကုသရေး၊ ပြန်လည်ပြုစုပျိုး ထောင် ရေး ဝန်ဆောင်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရာဇဝတ်မှုမှ ကင်းလွတ်စေခြင်း၊ မူးယစ်ဆေးဝါး ကုသရာတွင် မဖြစ်မနေ ကုသမှုမှ မိမိဆန္ဒအလျောက် ကုသခံယူမှုစနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းနှင့် ထိန်းချုပ်ဆေးဝါး များအား ဆေးကုသမှုနှင့် သုတေသနဆိုင်ရာ ရည်ရွယ်ချက်များအတွက် အလွယ်တကူအသုံးချခွင့် ရရှိ အောင် ဆောင်ရွက်ရန် ဟူသည့် အချက်များပါရှိသည်။

မူးယစ်ဆေးသုံးစွဲသူများအပြင် လူ့အသိုင်းအဝိုင်းတစ်ရပ်လုံး ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးပြဿနာများ ကို ရေရှည်တွင် ဖြေရှင်းနိုင်ရေး အတွက် ရည်ရွယ်ပြီး အဆိုပါ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒကို ချမှတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံတော် သမ္မတရုံးမှ ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ပြီး နောက်တွင် မူဝါဒနှင့် ဆန့်ကျင်သော ဆိုးကျိုးများ ဖြစ်စေခဲ့သည်ဟု မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ)-DPAG က ဆိုသည်။

“အခုမူဝါဒကတော့ သမ္မတရုံးက တိုင်ကြားရေးဌာနရဲ့ မူဝါဒကို ပြောချင်တာပေါ့။ သူတို့ဆောင်ရွက်ချက်ပေါ့၊ အဲ့ဆောင်ရွက်ချက်က ဖမ်းတယ်၊ ဆီးတယ်၊ အဲ့ဒါဆိုရင် ထောင်ထဲလူအများကြီးရောက်မယ်ပေါ့နော်။ အဲ့တော့ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒနှစ်ရပ်က တကယ်တမ်း မတူတဲ့အကြောင်းကို ပြောချင်တာပေါ့။ သမ္မတရုံးရဲ့ မူးယစ်ဆေးဝါးတိုင်ကြားရေး ဌာနရဲ့ မူဝါဒ ဆောင်ရွက်ချက်ကို ဆိုလိုချင်တာပေါ့နော်။ ကွဲလွှဲနေ တာကို ကျမတို့က ဆိုလိုချင်တာပါ။”

မြန်မာနိုင်ငံ မူးယစ်သုံးစွဲသူများ ကွန်ရက် (ကချင်ပြည်နယ်)က အမည်မဖော်လိုသူ တစ်ဦးကလည်း “ကျနော်တို့ ဝိုင်းမော်မှာ ရောင်းတဲ့လူက တစ်ယောက်၊ အဲ့တစ်ယောက်ဆီလာလည်တဲ့လူကိုပါ ခေါ်သွား တာမျိုးပေါ့၊ နောက်ပြီး ဆေးပါလာတဲ့သူငယ်ချင်းနဲ့ ဆိုင်ကယ်အကြုံလိုက်စီးပြီး မသုံးတဲ့လူပါ အဖမ်းခံရတာ တွေ၊ ဖမ်းခံရပြီး ဖုန်းတို့၊ ဆိုင်ကယ်တို့၊ ပိုက်ဆံတို့ ပြန်မပေးတာတွေ အများကြီးပဲ” ဟု ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်က မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားချိန်တွင်လည်း မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နှင်းရန် နှင့် အဓိကအားဖြင့် ထုတ်လုပ်ဖြန့်ဖြူး သိုလှောင်နေသည့် လက်ကြီးသမားများကို ဦးစားပေး နှိမ်နှင်းရန်၊ မူးယစ်ဆေးသုံးစွဲသူများကို ကြီးလေးသော ပြစ်ဒဏ်ပေးမည့်အစား ဆေးကုသရန်၊ ပြန်လည်ပြုစုပျိုး ထောင် ရန် ပိုမိုလုပ်ဆောင်ရန် တိုက်တွန်း အားပေးမှုများ တွေ့ခဲ့ရသော်လည်း နောက်ပိုင်း ဖမ်းဆီးအရေးယူမှုများ အရ အထက်ပါအချက်များနှင့် ဆန့်ကျင်နေကြောင်းတွေ့ခဲ့ရသည်ဟု ဒေါက်တာနန်းပန်းအိခင် က ပြော သည်။

လက်ရှိတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) လက်ဝယ် တွေ့ ရှိမှု၊ ပုဒ်မ ၂၁ ပူးပေါင်းကြံစည်မှုများဖြင့် ဖမ်းဆီး အရေးယူခံရမှုများ ဖြစ်ပေါ်နေသည် ဟု မြန်မာနိုင်ငံ မူးယစ်သုံးစွဲသူများ ကွန်ရက် (ကချင်ပြည်နယ်)၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးလွမ်းခေါင်က ပြော သည်။

“ပုဒ်မ ၁၅ ပြင်ဆင်လိုက်တဲ့နောက်ပိုင်းမှာပဲ အဖမ်းအဆီးတွေ ပိုများလာတာကိုလည်း တွေ့ရတယ်။ ဒီလိုအဖမ်းအဆီးတွေများလာတဲ့နောက်မှာ အသုံးပြုတဲ့ လူတွေကိုလည်း ပညာပေးလုပ်နေတဲ့အဖွဲ့တွေက မတွေ့တော့ဘူး။ အချင်းချင်းတွေ့ဖို့လည်း ခက်လာ တယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ဖို့လည်း ခက်လာတယ်။ ပုဒ် ၁၆ ရော၊ နောက်ပြီး ၁၅ အစား ပုဒ်မ ၂၁ က ကြောက်ဖို့ကောင်းလာတယ်။”

ဦးလွမ်းခေါင် က “ဘာလို့လည်းဆိုတော့ ဖမ်းတဲ့အခါ ဝ.၀၁ ဆိုတာ ဘာမှ မရှိတဲ့ ပမာဏပေ့ါ။ အဲ့ဒါတွေ တောင်မှ အဖမ်းခံနေရတယ်ဆိုတာ။ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတာတွေပေါ့၊ ပုဒ်မ ၂၁ အားပေးကူညီမှုဆို တာ ပေါ့။ ဒါတွေက စိန်ခေါ်မှု ဖြစ်လာတယ်။ ကျနော်တို့ ကွန်ရက်အနေနဲ့ ၁၅ ပြင်ပြီးနောက် ဖမ်းခံရတာ ကောက်ခံရရှိတဲ့ စာရင်းက ၃၆ ခု ရှိတယ်။ ပမာဏနည်းတဲ့ case တွေပါပဲ။ ထောင်ကျသွားတာတွေလည်း ရှိတယ်။ အမှုရင်ဆိုင်နေရသေးတဲ့အမှုတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

တရားမျှတမှုကင်းသည့် မူးယစ်ဆေးဝါးနှိမ်နှင်းရေး မူဝါဒများကြောင့် အကြီးစားမူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကုန်ကူးမှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်းမရှိခြင်း၊ အသေးစားမူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူများမှာ ရာဇဝတ်သားများအဖြစ် သတ်မှတ်ခံရပြီး ထောင်ဒဏ်နှစ်ရှည်ကျခံနေရခြင်း၊ အကျဉ်းထောင်များအတွင်း အကျဉ်းသား ၅၀ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးသုံးစွဲသူနှင့် အသေးစား မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်သူများ ဖြင့်သာ ပြည့်နှက်နေသည်ဟု DPAG မှ တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်လာသူများက ထောက်ပြသည်။

ထို့အပြင် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ကို နိုင်ငံတော်က ထုတ်ပြန်ထားသော်လည်း လက် ရှိလုပ်ဆောင်ချက်များမှာ အဆိုပါမူဝါဒနှင့် ဆန့်ကျင်နေပြီး ပြစ်ဒဏ်ပေးရေးကိုသာ ဦးစားပေးနေကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများအတွက် ကျန်းမာရေးနှင့် အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုများ ရယူရာတွင် လည်း ပြတ်တောက်မှုများ ဖြစ်ပေါ်စေကြောင်းနှင့် အဂတိလိုက်စားမှုများကိုပါ အားပေးရာ ရောက်နေသည် ဟု DPAG က ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များအနေဖြင့် အကြီးစားမူးယစ်ရာဇာများကို အာရုံစိုက် သင့်ကြောင်း၊ တစ်ကိုယ်ရေသုံး မူးယစ်ဆေးပမာဏကိုလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ နည်းဥပေဒသစ်တွင် တိကျစွာ သတ်မှတ်ပေးသင့်သည်ဟု ထောက်ပြထား သည်။