ငြိမ်းချမ်းရေး လုပ်ငန်းများ ရှေ့ဆက်နိုင်အောင် SSPP ကြိုးပမ်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်။

ငြိမ်းချမ်းရေး လုပ်ငန်းများ ရှေ့ဆက်နိုင်အောင် အဖြေရှာကြိုးပမ်းသွားမည်ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ၏ နှစ်ပတ်လည် ဗဟိုကော်မတီ အစည်းအဝေးက ထုတ်ပြန်ကြေညာခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က “ကျနာ်တို့နိုင်ငံရေး လက်ရှိ နိုင်ငံရေး အခြေအနေပေါ့ လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး အခြေအနေရယ် ပြီးတော့ ကျနော်တို့ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းကို ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့ဟာကို အဓိကထားပြီးတော့ ကျနော်တို့ ဆွေးနွေး ဆုံး ဖြတ်ခဲ့တာပေါ့” ဟု ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ၍ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မူအားဖြင့်တော့ ကျနော်တို့ သုံးသပ်ချက်အရက ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရပ်တန့်နေတဲ့ သဘော ပေါ့ ရှေ့မဆက်နိုင်ဘူးလေ။ ဥပမာ ကျနော်တို့ ပြောရမယ်ဆိုရင်တော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့က ၁၀ ဖွဲ့ ပေါ့။ ပြီးတော့ FPNCC က ၇ ဖွဲ့ ကျန်တဲ့ အဖွဲ့ငယ်တွေလည်း ရှိသေးတယ်ဆိုတော့ ဒီဟာကို ကျနော်တို့ ဘယ်လိုလုပ် ပြီးတော့ ဆုံနိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု အစပြုနိုင်မလဲဆိုတဲ့ဟာ အပိုင်းကို ကျနော်တို့ ပိုပြီး တော့ အလေးထားပြီးတော့ သုံးသပ်ကြတယ်ပေါ့။”

လက်ရှိ နိုင်ငံရေးအခြေအနေအရ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေသည့် ကိစ္စရပ်များကိုလည်း နှစ်ချုပ်အစည်းအဝေးတွင် သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်မှူးစိုင်းဖုန်းဟန် က ဆက်ပြောသည်။

“ဒီအတိုင်းပဲ သူ့ဖက်ကိုယ့်ဖက်ရပ်နေမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးက ရှေ့မဆက် နိုင်ဘူးလေ အဲကြောင့်မို့ ကျနော်တို့က မူအားဖြင့် တွေ့ဆုံဆွေးနွေးဖို့ နည်းလမ်းကို ဘယ်လိုဝိုင်းဝန်းပြီးတော့ အဖြေရှာကြမလဲ ဆိုတဲ့ ဟာကို ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒါကို ဇောင်းပေး ပြီးတော့ ဒီဟာကိုပေါ့နော အစိုးရရော တပ်မ တော်ရော ကျန်တဲ့ EAOs တွေရော ကျနော်တို့ ဝိုင်းဝန်း နည်းလမ်း ရှာဖို့ ကျနော်တို့မှာ အားလုံးတာဝန်ရှိ တာပေါ့လေ အဲဒါကို ကျနော်တို့က ဆွေးနွေးဖြစ်တာပေါ့။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ် မျက်နှာစုံညီ နှစ်ချုပ် အစည်းအဝေးကို SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှု အခြေ အနေများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သုံးသပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ရှေ့လုပ်ငန်းစဉ်တို့ကို ချမှတ်ခဲ့သည်ဟု SSPP က ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(ရှမ်းပြည်တပ်မတော်) SSPP/SSA အနေဖြင့် FPNCC အဖွဲ့ဝင်များနှင့်အတူ NCA ဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပူးပေါင်း ပါဝင်နိုင်ရေး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်လက်ဆွေးနွေး သွားမည်ဟု ပြောသည်။

ထို့အပြင် ဘဝတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ နှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု SSPP က ထုတ်ပြန်ထားသည်။

၁၅ ရက်တာ ကျင်းပခဲ့သည့် SSPP ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးသို့ ဦးဆောင်နာယက ၁ ဦး၊ ဗဟိုကော်မတီဝင် ၂၇ ဦး၊ အရံ ဗဟိုကော်မတီဝင် ၅ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ နှင့် လေ့လာသူ ၁၅ ဦး စုစု ပေါင်း ၄၈ ဦးတက်ရောက်ခဲ့ကြ ဟု သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) သည် ပြည်ထောင်စု နိုင်ငံ ရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။

SSPP/SSA အပါအဝင် FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)(ကိုးကန့်အဖွဲ့)၊ ရခိုင်တပ်မတော် (AA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (NDAA)(မိုင်းလားအဖွဲ့) တို့ပါဝင်သည်။