နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် သမ္မတထရန့် အပါအဝင် ၂၈၇ ဦးကို အဆိုပြုထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်။
၂၀၂၆ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လျာထားခံရသူ အမည်စာရင်းတွင် လူပုဂ္ဂိုလ် ၂၀၈ ဦးနှင့် အဖွဲ့အစည်း ၇၉ ခု၊ စုစုပေါင်း ၂၈၇ ဦး ပါဝင်ကြောင်း နိုဘယ်လ်ကော်မတီ၏ သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါလျာထားချက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား အစ္စရေး၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေါင်းဆောင်များက အဆိုပြုထားကြောင်း ထွက်ပေါ်နေသဖြင့် ၎င်းသည် အမည်စာရင်းတွင် ပါဝင်နေရန် များစွာသေချာလျက်ရှိသည်။
ထို့အပြင် အာတိတ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြသည့် အလက်စကာ အထက်လွှတ်တော်အမတ် Lisa Murkowski နှင့် ဂရင်းလန်းကျွန်း (Greenland) မှ လွှတ်တော်အမတ်တစ်ဦးတို့လည်း အဆိုပြုခံထားရသည်။
တစ်ဖက်တွင်လည်း နိုဘယ်လ်ကော်မတီအနေဖြင့် ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးဆုရှင် အီရန်လူ့အခွင့်အရေးလှုပ်ရှားသူ နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) ၏ ကျန်းမာရေးအခြေအနေအတွက် အထူးစိုးရိမ်လျက်ရှိသည်။
၎င်းသည် လက်ရှိတွင် အီရန်ထောင်တွင်း၌ နှလုံးရောဂါဝေဒနာ ခံစားနေရသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။
၂၀၂၆ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ကြေညာမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်မူ ဗင်နီဇွဲလားနိုင်ငံမှ Maria Corina Machado က ဆုရရှိခဲ့သည်။
ဤစာရင်းမှာ စာရင်းတင်သွင်းသူများ၏ ထုတ်ဖော်ချက်များကို စုစည်းထားခြင်းသာ ဖြစ်ပြီး ပုံမှန်အားဖြင့် နိုဘယ်လ် ဆုလျာထားသူ စာရင်းကို နစ်ပေါင်း ၅၀ ကြာမှသာ ထုတ်ပြန်လေ့ရှိသည်။