နိုင်ငံရင်းတွင် အန္တရာယ်ရှိသူများ အမေရိကန် ဗီဇာ ပေးမည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်။ 

အမေရိကန်အစိုးရသည် နိုင်ငံအတွင်း နိုင်ငံရေးခိုလှုံခွင့် (Asylum) တောင်းခံမှုများကို ထိန်းချုပ်ရန်အတွက် ဗီဇာလျှောက်ထားသူများအပေါ် တင်းကျပ်သည့် ညွှန်ကြားချက်အသစ်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

အဆိုပါ စည်းကမ်းချက်အရ ကျောင်းသားဗီဇာ၊ ယာယီအလုပ်လုပ်ခွင့်ဗီဇာနှင့် ခရီးသွားဗီဇာ လျှောက်ထားသူများသည် မိမိတို့၏ မူရင်းနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် အန္တရာယ်ပြုခံရမည်ကို စိုးရိမ်ခြင်းမရှိကြောင်း အတည်ပြုနိုင်မှသာ ဗီဇာထုတ်ပေးမည်ဖြစ်သည်။ 

ကောင်စစ်ဝန်အရာရှိများ၏ မေးမြန်းမှုဖြစ်သော “မိမိနိုင်ငံတွင် မတရားနှိပ်စက်ခံရဖူးခြင်း ရှိ၊ မရှိ” နှင့် “နိုင်ငံသို့ ပြန်သွားပါက အန္တရာယ်ရှိနိုင်သလား” ဆိုသည့် မေးခွန်းနှစ်ခုစလုံးကို “မရှိပါ (No)” ဟု နှုတ်ဖြင့် ဖြေဆိုနိုင်မှသာ ဗီဇာ လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မည် ဖြစ်သည်။ 

ဤလုပ်ဆောင်ချက်သည် ဗီဇာအမျိုးအစားများကို အသုံးချ၍ အမေရိကန်သို့ ရောက်ရှိပြီးမှ ခိုလှုံခွင့်တောင်းခံခြင်းကို ကာကွယ်ရန်နှင့် နောက်ပိုင်းတွင် နေရပ်ပြန်ပို့ရန် လိုအပ်ပါက ဥပဒေကြောင်းအရ အခက်အခဲမရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

သို့သော် လူ့အခွင့်အရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပညာရှင်များကမူ ဤစည်းကမ်းသစ်သည် အမှန်တကယ် အကာအကွယ်လိုအပ်သူများကို အမှန်တရားကို ဖုံးကွယ်ပြောဆိုရန် တွန်းအားပေးသလိုဖြစ်စေပြီး အန္တရာယ်ရှိသော တရားမဝင် လမ်းကြောင်းများကို ရွေးချယ်လာစေနိုင်ကြောင်း ဝေဖန်ထောက်ပြထားကြသည်။