မြို့လယ်ခေါင်တွင် အမျိုးသမီးမှုခင်း သတင်းထောက် ပစ်သတ်ခံရ
သတင်းနင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
ထားဝယ်မြို့လည်ခေါင်တွင် စစ်ကောင်စီ သတင်းပေး ဒလန် ဟု စွပ်စွဲခံရသူ အသက် ၄၀ အရွယ်ခန့်ရှိသည့် မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။
သေနတ်မှန် သေဆုံးခဲ့သူမှာ ဒေါ်ဇာခြည်ဦး ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ (ယနေ့)၊ နေ့လည် ၁၂ နာရီဝန်း ကျင် အချိန်ခန့်က ပုံကျွန်းရပ်ကွက် အနောက်ပိုင်း၊ ဦးဘအိုလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပစ်သတ်ခံ လိုက်ရခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများက ပြောသည်။
မျက်မြင်တွေ့ခဲ့ရသူ ပုံကျွန်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦး က “သေနတ်နဲ့ ၉ ချက် ပစ်ခံရတာ။ ခန္ဓာ ကိုယ်နဲ့ ဦးခေါင်းနေရာအနှံ့ပဲ။ သူက အမှုပွဲစားလည်း လုပ်တယ်။ ရဲအရာရှိဟောင်းတွေ တည်ထောင်ထားတဲ့ မူခင်းသတင်းထောက် ဆိုတာမှာလည်း အလုပ်လုပ်နေတာ“ ဟု ပြောသည်။
အဆိုပါ သေဆုံးသူ အမျိုးသမီးသည် စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု နာမည်ကြီးပြီး ရဲစခန်းထဲကိုလည်း အမူကိစ္စများ အတွက် အခငွေကြေးယူဆောင်ရွက်ရန် အမြဲ ဝင်ထွက်သွားလာနေသူတစ်ဦး ဖြစ်သည်ဟု အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ယင်းပစ်ခတ်မှုကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) အဖွဲ့ က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟု နိုဝင်ဘာလ ၁၂ ရက်နေ့ (ယနေ့) ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထားဝယ်က သပိတ်စစ်ကြောင်းများကို စစ်ကောင်စီအတွက် ဒေါ်ဇာခြည်ဦးက သတင်းထောက်လှမ်းပေးခဲ့ပြီး အဖမ်းခံရသူများကိုလည်း ပြန်လွတ်အောင်လုပ်ပေးမည်ဟု ဆိုကာ ငွေကြေးမြောက်များစွာ တောင်းယူ ပွဲစား လုပ်ဆောင်နေသူ ဖြစ်သည်ဟု Guerrilla Dawei အဖွဲ့၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါ ရှိသည်။
အခင်းဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ ပုံကျွန်းရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူအချို့ကို ဖမ်း ဆီးစစ်ဆေးခံနေသည်ဟု ကြားသိရသော်လည်း ဖမ်းဆီးခံရသူ အရေအတွက်အတိအကျကို သတင်းနှင့် မီဒီယာ ကွန်ရက် သတင်းဌာနအနေဖြင့် အတည်ပြုနေဆဲ ဖြစ်သည်။