ပေါင်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
မွန်ပြည်နယ်၊ ပေါင်မြို့တွင် အမှိုက်ကောက်နေသော အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
ပေါင်မြို့၊ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန် ခန့်က ၎င်း၏နေအိမ် စျေးဆိုင်ရှေ့တွင် အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်နေစဥ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
ပေါင်ဒေသခံ တစ် ဦးက “သူ့အိမ်ရှေ့မှာပဲ သေနတ်သမားတွေက အနီးကပ် လာပစ်သွားတယ်။ ရရှိတဲ့ဒဏ်ရာက ပြင်းထန်လို့ မော်လမြိုင် ဆေးရုံကို ပို့ထားရတယ်လို့ သိရတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့လည်း သိရ တယ်” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဝဲဘက် နို့အုံဒဏ်ရာရရှိခဲ့ကာ အသက် အန္တရယ် စိုးရိမ်ရသည့်အတွက် ယခုခါ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ပစ်ခတ်ခံရပြီးနောက် ပေါင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ဟု ဒေသခံများက ဆိုသည်။
အောက်တိုဘာလတုန်းကလည်း ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နာယကအဖွဲ့ဝင် ဦးခင်မောင်ဦး ပစ်သတ်ခံခဲ့ရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်ထဲတွင်လည်း အခြားသော မြို့နယ်များနည်းတူ ပစ်သတ်ခံရ သည့် ဖြစ်စဥ်များ ဖြစ်ပွားလာသည့်အပြင် ဖုန်းတာဝါတိုင် ဖောက်ခွဲခံရမှုများ အပါအဝင် ပေါက်ကွဲဖြစ်စဥ်များ လည်း ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။
မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်မီတာရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ် စားလှယ် နေအိမ်များနှင့် စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသူများ၊ သတ်မှတ်ခံရသူများ၏ နေအိမ်တို့တွင် လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်စဥ်များထဲက အချို့ဖြစ်စဉ်များနှင့် ပတ်သက်၍ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း အချို့ဖြစ်စဉ်များမှာ မည်သူမည်ဝါ မည် သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသည့် ပေါက်ကွဲမှုများလည်း ရှိနေသည်။