ပျူစောထီး အဖွဲ့ဝင်တစ်ဦး ရေဖြူတွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်ထဲက ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွား သည်ဟု ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဘဝါကျေးရွာသွား လမ်းပိုင်းရှိ နေအိမ်များကို ဝင်ရောက် ခိုးယူတတ်သူလည်း ဖြစ်၊ ပျူစောထီးအဖွဲ့ဝင်လည်း ဖြစ်သူ ကိုနေဇာမိုး အသက် ၃၂ နှစ်သည် အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ပစ်သတ်လိုက်ရခြင်း ဖြစ်သည်။

အသက် ၅၀ အရွယ် ထိန်ကြီး ရွာသားတစ်ဦး က “အပစ်ခံရတဲ့နေရာက လူသွားလူလာလည်း အရမ်းပြတ်တယ်။ သူ့မိန်းမ ရွာမှာ ပြေးလာပြောမှ သိကြရတာ“ ဟု ပြောသည်။

ထိန်ကြီးရွာသားဖြစ်သူ ကိုနေဇာမိုးသည် ဇနီးဖြစ်သူနှင့်အတူ ဘဝါကျေးရွာသို့ ဆိုင်ကယ်စီး၍ သွားလာနေစဉ် ပရ ဒတ်ကျေးရွာနှင့် ဘဝါကျေးရွာအကြား လမ်းပိုင်းတွင် လူ ၅ ဦးက စောင့်ဆိုင်းတားဆီးကာ သေနတ်ဖြင့် ပစ်ခတ်ခံ ရ သဖြင့် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအတွင်း မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသည့် ကိုနေဇာမိုးက စစ်သားများနှင့် အတူ လိုက်ပါ သွားလာနေသူ တစ်ဦးလည်း ဖြစ်ကာ ပျူစောထီးခေါင်းဆောင် ဦးမင်းမင်း၏ တပည့်အရင်း တစ်ဦးလည်း ဖြစ် သည်ဟု ထိန်ကြီးရွာသားတစ်ဦးက ပြောသည်။

ကိုနေဇာမိုးသည် ပြီးခဲ့သည့်နှစ်က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များတွင် ပါဝင်ခဲ့ပြီး အဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်နေကြရသူများ၏ နေအိမ်များကို ဖျက်ဆီး ဝင်ရောက်ပြီး တန်ဖိုးကြီး ပစ္စည်းများ ခိုးယူမှုများကို ကျူးလွန်နေသည့်အတွက် ဒေသခံ PDF အဖွဲ့များက သတိပေးခြင်းကိုလည်း ခံထားရ သူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကိုနေဇာမိုး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ဒေသအတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးခြင်း မျိုး မတွေ့ရသော်လည်း ၎င်း၏ ရုပ်အလောင်းကို ပရဒတ်ကျေးရွာ သင်္ချိုင်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့ တွင် မီးသင်္ဂြိုလ်လိုက်သည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။