ကော့သောင်း တိုက်ပွဲ စစ်ကောင်စီ စစ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များအကြား ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်သား ၁ ဦးသေ၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဘုတ်ပြင်း (ပကဖ) အဖွဲ့က ထုတ်ပြန်ထား သည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဝါးချောင်းကျေးရွာ အနီးတွင် အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် PDFပူးပေါင်းတပ်ဖွဲ့တို့အကြား ၁ နာရီ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနက်အစောကြီး လူလုံးတောင် မကွဲသေးဘူး။ ဆီအုန်းခြံ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတုန်း တိုက်ပွဲဖြစ်တာ။ ရွာနဲ့က သိပ်မဝေးဘူး၊ နှစ်ဘက် သေနတ်ပစ်သံတွေ ဆူညံနေတာ” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦး က ပြောသည်။

ဘုတ်ပြင်းမြို့ဘက်မှ နယ်မြေရှင်းလင်းရေး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝါးချောင်းကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ က စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဘုတ်ပြင်း (ပကဖ)အဖွဲ့ က အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်မ တော် (တပ်ရင်း ၁)နှင့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၂ ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဘုတ်ပြင်း (ပကဖ)အဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှုကို ၎င်းတို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ပြုလုပ်ခဲ့ခြင်းသာ ဖြစ် ပြီး ကျေးရွာနေပြည်သူနှင့် မသက်ဆိုင်ကြောင်းကိုလည်း ထုတ်ပြန်ချက်အတွင်း ထပ်ဆင့်ရေးသားထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသားများ ဘေးလွတ်ရာတွင် ပုန်းရှောင်နေခဲ့ကြရပြီး ဆီအုန်းခြံအလုပ်သမားများ
နှင့် ရော်ဘာခြံအလုပ်သမားများမှာလည်း အလုပ်မသွားရဲကြဘူးဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဝါးချောင်းကျေးရွာအနီးမှာပင် ပြည်ကြီးမဏ္ဍိုင်မြို့ဘက်မှ ဘုတ်ပြင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ကား ၇ စီးပါ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရသေးသည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ အကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီ တပ် ဖွဲ့များ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရသည့်အပြင် စစ်တပ်၏ ယာဉ်တန်းများလည်း မိုင်းဆွဲ တိုက်ခိုက်ခံရ လေ့ရှိသည်။