ရေစကြိုတွင် စစ်ကောင်စီနှင့် ပျူစောထီး တပ်များက နေအိမ်အချို့ မီးရှို့ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က စစ်ရေး လှုပ်ရှားနေကြပြီး နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ ပြောသည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင်းရှိ မြေနီကုန်းကျေးရွာထဲသို့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ဝင်ရောက်လာသည့်အတွက် ဒေသခံရွာသားများ ရွာလုံးကျွတ် နီးစပ်ရာ တောတောင်များထဲ ထွက်ပြေး ပုန်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံ အမျိုးသားတစ်ဦးက “စစ်သားတွေက ညမှာ ရွာထဲကို ဝင်လာတာဗျ။ တိုက်ပွဲတော့ မဖြစ်ဘူး။ ကျနော် တို့ ဒီရေစကြိုဘက်မှာက စစ်သားတွေဝင်လာရင် ရွာထဲက အိမ်တွေကို မီးတွေလျှောက်ရှို့၊ အိမ်မွေး တိရိစ္ဆာန် တွေကို ပစ်သတ်၊ လူတွေကိုပါ ဖမ်း အဲ့လိုလုပ်တာ။ အဲ့ဒါအကုန်လုံးကြောက်တော့ ပုန်းနေကြရတာ” ဟု ပြော သည်။
ရေစကြိုမြို့၊ ထန်းတောငယ် ကျေးရွာအုပ်စုအတွင်းရှိ ဇီးတောကျေးရွာအတွင်းက နေအိမ် အချို့ကို စစ်တပ်က ကြာသပတေးနေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်း ဇီးတောကျေးရွာထဲ ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက PDF အဖွဲ့ဝင်များ ၏ နေအိမ်ဟု စွပ်စွဲက အိမ် ၁၂ လုံးနှင့် နွားစာတဲအချို့ကိုကို မီးရှို့ခဲ့ကြောင့် အိမ်မွေးတိရိစ္ဆာန် ကျွဲနွားအချို့ မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲဝင်လာပြီးတော့ PDF တွေရဲ့ အိမ်လို့ ထင်တဲ့ အိမ်တွေရှို့တာပါ။ နွားစာတဲတွေလည်း လောင်ကုန်တယ်။ မီးခိုးလုံးတွေကိုလည်း အဝေးကနေ မြင်ရပါတယ်။ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း သယ်သွားကြတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။
ဇီးတောကျေးရွာသည် နေအိမ် ၂၆၅ လုံးရှိပြီး စစ်ကောင်စီတပ်မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၁၂ လုံး မီးလောင် ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဇီးတောကျေးရွာအပြင် အနီးဝန်းကျင်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ စားရေး နေရေးက အစ ဒုက္ခပေါင်းစုံ ကြုံတွေ့ နေကြရသည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့အထိ အဆိုပါ စစ်ကြောင်းသည် ဇီးတောကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ တွင် သွားလာလှုပ်ရှားနေသောကြောင့် ရွာသားများ ယနေ့အချိန်ထိ တောတောင်ထဲတွင် ပုန်းရှောင်နေကြဆဲ ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – Yesagyo Township INFO Committee