မိုးဗြဲတွင် စစ်ကောင်စီက သေနတ်များ ရမ်းသန်းပစ်ခတ်၊ အမျိုးသားတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ရှမ်းပြည်တောင်ပိုင်း ကရင်နီ ပြည်နယ် အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းတွင် ကျည်ထိမှန်ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲ PDF အဖွဲ့ တာဝန်ရှိသူများက ပြော သည်။

မိုးဗြဲမြို့၊ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော မြို့ခံ အမျိုးသား အရပ်သားနှစ်ဦးကို ယမန်နေ့ သောကြာနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် စက်တော်ရာ တောင်ကုန်းပေါ်၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်သားများက ရမ်းသန်းပစ်ခတ်ခြင်းဖြစ်သည် ဟု မိုးဗြဲ PDF တာဝန်ရှိသူများက ပြောသည်။

မိုးဗြဲ PDF တာဝန်ရှိသူ တစ်ဦးက “စက်တော်ရာတောင်ပေါ်က စစ်တပ်တွေပေါ့နော်။ သူတို့အောက်က ကားလမ်း မကြီး ရှိတယ်လေ။ ကျနော်တို့ ပြည်သူတွေ အသုံးပြုတဲ့ လမ်းမပေါ့။ အဲဒီလမ်းမနဲ့ သူတို့နေရာနဲ့ဆိုရင် တဆက် တည်းပဲ။ သူတို့အဲကနေ ပစ်တော့ ပြည်သူတွေ ထိတာပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦး မှာ မိုးဗြဲ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များ၏ ကယ်ဆယ်မှုကြောင့် ထွက်ပြေး လွတ်မြောက်သွားသည်ဟု ပြောသည်။

အဆိုပါ အရပ်သားနှစ်ဦးအား ဝင်ရောက်ကယ်ထုတ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးကို အတည်ပြု၍ မရသေးဘူးဟု မိုးဗြဲ PDF တာဝန်ရှိသူများက ပြောသည်။

ဦးခေါင်းတွင် ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့သူ အမျိုးသားတစ်ဦးမှာ “သူကတော့ ကုသမှု ခံယူနေတယ်။ စိုးရိမ်ရ လားဆိုတော့ ဒီမနက်မှာ ပြန်ပြီးစောင့်ကြည့်တဲ့အခါ သတိတော့ ရလာပြီပေါ့နော်။ ဖြစ်ဖြစ်ချင်းတော့ သူက ခေါင်းထိသွားတယ်ဆိုတော့ သတိမေ့သွားတယ်။ အခုတော့ သတိရလာပြီလို့ သတင်းရထားတယ်” ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့၊ စက်တော်ရာတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ယမန်နေ့ နံနက် ၈ နာရီ အချိန် ခန့်မှ စတင်၍ လမ်းသွားလမ်းလာ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့နေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဒေသအတွင်း လှုပ်ရှားနေသည့် PDF အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အလားတူ အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း စက်တော်ရာဘုန်းကြီးကျောင်း‌ရှေ့ ဖြတ်မောင်းသွားသည့် မြို့ ခံပြည်သူများ၏ 4W ကားတစ်စီးအား စစ်ကောင်စီတပ်သားများက ရမ်းသန်းပစ်ခတ်ခဲ့ရာ ထိုနေရာ၌ပင် တိမ်း မှောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သေးသည်ဟု မြို့ခံများက ပြောသည်။

အသက် ၃၀ အရွယ် မိုးဗြဲမြို့ခံ အမျိုးသမီးတစ်ဦးက “မိုးဗြဲလမ်းမကြီးက အရင်လမတိုင်ခင် ကတည်းက ပိတ် ထားတာကြာပြီ။ မသွားကြဖို့လည်း PDF တွေက ခဏခဏ သတိပေးတယ်။ လိုင်းပေါ်လည်း ကြေညာတယ်။ အရေးကြီးကိစ္စရှိရင်တောင် မသွားသင့်ဘူး။ ကိုယ့်အသက်လောက်ဘာမှ အရေးမကြီးဘူး” ဟု ပြောသည်။

မိုးဗြဲမြို့တွင် လက်ရှိ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ အစကတည်းက စက်တော် ရာတောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်သားများက တပ်စွဲထားပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက် ကြား စစ်ရေး အခြေအနေကို စောင့်ကြည့်နေကြသည့် အနေအထားဖြစ်ကြောင်း PDF အဖွဲ့ထံမှ သိရသည်။

ထိုသို့ စစ်ရေး စောင့်ကြည့်ဆဲကာလတွင် မိုးဗြဲ-ပီကင်း လမ်းမကြီးအား ပြည်သူများအနေဖြင့် လုံးဝသွားလာခြင်း မပြုရန် မိုးဗြဲ PDF အဖွဲ့က အထူးသတိပေးထားသည်။