ပျူစောထီး ဆိုသူ နှစ်ဦးကို “ပစ်ခတ်ရှင်းလင်း”
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
ပျူစောထီး အဖွဲ့ဝင် ဆိုသူ နှစ်ဦးကို ထားဝယ်ခရိုင်အတွင်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ PDF က သတင်း ထုတ်ပြန်သည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် သကျက်တော ကျေးရွာသားတစ်ဦးတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပစ်ခတ်ရှင်းလင်း ခဲ့ ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် PDF များအား စိန်ခေါ်လေ့ရှိသည့် ပျူစောထီးအဖွဲ့ဝင်များ ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
အသက် ၅၀ ခန့်အရွယ် ကျောက်နီမော်ရွာသား တစ်ဦးက “အုပ်ချုပ်ရေးမှူး လုပ်နေတဲ့ ကိုမင်းမင်းက ရွာမှာ လူ ငယ်တွေကို မူးယစ်ဆေး ရောင်းဝယ်လုပ်နေတာ ကြာပြီ။ ပျူစောထီးအဖွဲ့ဝင်ဆိုတော့ သူ့မှာ စစ်တပ်ကပေးထား တဲ့ သေနတ်လည်း ကိုင်ထားတယ်” ဟု ပြောသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးအနက် ကျောက်နီမော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ကိုမင်းမင်းအား ၎င်း၏ နေ အိမ်တွင် ရှိနေချိန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF မှ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ညနေ ၆ နာရီခွဲ အချိန်ခန့်က သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။
ထို့အပြင် သကျက်တောကျေးရွာသား ကိုပေါင်မုန့် ဆိုသူကိုလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာ၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF က ထပ်မံရှင်းလင်းခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ကျေးရွာအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွင် ပါဝင်သူများနှင့် NLD ပါတီဝင်များ၏ စာရင်းနှင့် ဆန္ဒပြ လှုပ်ရှားမှုများကိုလည်း ၎င်းအုပ်ချုပ်ရေးမှူးမှ စစ်ကောင်စီထံ သတင်းပေးပို့လေ့ရှိသည်ဟု ဒေသခံများက ဆို သည်။
ပစ်ခတ်ရှင်းလင်းခဲ့ရသူ နှစ်ဦးသည် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဦးချစ်စမ်းမောင် ဆိုသူ၏ တပည့်အရင်းများ ဖြစ်ပြီး ရပ်ရွာအတွင်းရှိ ရွာသားများအား လက်နက်အားကိုးကာ အနိုင်ကျင့်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု LLPDF အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ကိုပေါင်မုန့်ဆိုသူမှာ လောင်းလုံးမြို့နယ်အတွင်း ဓါးပြတိုက်၊ လူသတ်မှုများ၌ ကိုယ်တိုင်ပါဝင်နေသူ ဖြစ် ကြောင်း ခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိထားပြီး ဖြစ်သည်ဟုလည်း ထည့်သွင်းရေးသားထားသည်။
အဆိုပါ လုပ်ဆောင်ချက်များကို ၎င်းတို့ လောင်းလုံး – LLPDFအဖွဲ့က ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး ကျေးရွာနေ ပြည် သူများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်း၊ စစ်ကောင်စီ ထောက်တိုင် ပျူစောထီးအဖွဲ့ဝင်များ၏ လှုပ်ရှားနေ မှုများအား အချိန်တိုင်း နေရာတိုင်းတွင် မျက်ခြေမပျက် စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိနေရန် ၎င်းတို့နှင့် နီးကပ်စွာ နေထိုင်ခြင်း မပြုလုပ်ကြပါရန် LLPDF က အသိပေး တိုက်တွန်းထားသည်။