နိုင်ကျဉ်းများကို ထပ်တိုးထောင်ဒဏ်များ ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင်းမှာ ဖမ်းထားသည့် နိုင်ငံရေး အကျဉ်းသား ၈ ဦး ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ် ခဲ့သည့်အပြင် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားအချို့ကိုလည်း ပြစ်ဒဏ်ထပ်ထိုးချမှတ်ခဲ့သည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများက ပြောသည်။
ပုသိမ်ထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ် ချခံနေရသော နိုင်ငံရေး အကျဉ်းသား မြို့ခံ ကဗျာဆရာ လူဖန်ခါး (ကိုထက်လင်းစိုး) ကို စစ်ကောင်စီ ၏ ထောင်တွင်းတရားရုံး က ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်ရာ စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ၆လကျချရမည်ဟု တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။
တရားလွှတ်တော် ရှေ့နေတစ်ဦး က “ကျန်နေသေးတဲ့ ပုဒ်မ ၅၀၅ အမှု တစ်မှုအတွက် ထောင် ၂ နှစ် ထပ်ချ လိုက် တာပါ။ နောက်အမှုတွေ မရှိတော့ဘူး။ အမှုအားလုံး ပြတ်သွားပါပြီး။ ကနဦး အမိန့်ချထားတာတွေနဲ့ဆို ၂၈ နှစ် ၆ လ ပါ”ဟု ပြောသည်။
နိုင်ငံရေး အကျဉ်း သား ကဗျာဆရာ လူဖန်ခါး (ကိုထက်လင်းစိုး) ကို စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်း တရားရုံး က ပြီးခဲ့သည့် စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် ပုဒ်မ ၅၀၅ ဖြင့် ၃ မှု၊ ပုဒ်မ ၁၂၂၊ ၁၂၄၊ ၃၃၂ တို့ဖြင့် ၁ မှုစီ၊ ပုဒ်မ ၂၅ ဖြင့် ၂ မှု စသည့် အမှု ၈ မှု အတွက် ထောင်ဒဏ် ၂၆ နှစ် အမိန့်ချခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း ပုသိမ်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၈ ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည်။
အကျဉ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက “အကြမ်းဖက် ပုဒ်မ ၅၂ – က နဲ့ ထောင် ၅ နှစ်စီချလိုက်တာ။ ပုသိမ်က ၇ ယောက်၊ ငပုတော က တစ်ယောက်ပါ” ဟု ပြောသည်။
ထောင်ဒဏ် ၅ နှစ် ချခံရသူများမှာ ပုသိမ်မြို့ခံများ ဖြစ်သည့် ကဗျာဆရာ လူစစ်နိုင် (ခေါ်) တင်ကိုထက် (ခေါ်) ကိုဂေး၊ ကိုရဲလင်းထက် (ခေါ်) သားပု၊ ကိုထွန်းလင်းဦး၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း (ခေါ်) မောင်ဇော်၊ ကိုဇင်လင်းထိုက် (ခေါ်) တွတ်နီ၊ ဦးထွန်းအေး နှင့် ငပုတောမြိုနယ်က ကိုဇော်လှိုင်ဦး (ခေါ်) မင်းမင်းတို့ ဖြစ်ကြ သည်။
စစ်ကောင်စီ၏ တရားသူကြီးနှင့် ဥပဒေအရာရှိက ၎င်း ၈ ဦး အား NUG၊ CRPH၊ PDF များနှင့် ပတ်သက် ဆက် နွယ်သည်ဟု စွဲချက်တင်ကာ အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
ပုသိမ်မြို့ခံ တစ်ဦးက “စစ်ကောင်စီက နိုင်ငံတက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်တာနည်းတယ်။ ဖမ်းပြီး ထောင်ချတာက များတယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ သူတွေကိုတော့ ဖမ်းပြီးရင် ပိုက်ဆံတောင်းပြီးတော့ ပြန် လွှတ်တယ်။ လုပ်ငန်းရှင် အချို့ ဆိုရင် အမှုဆင် လုပ်ကြံပြီးဖမ်းတယ်။ အကြပ်ကိုင် ငွေတောင်းပြီးမှ ပြန်လွှတ် ပေးတာတွေ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ အမျိုးသားနေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ပုသိမ်ထောင်တွင်း ပုဒ်မ အမျိုးမျိုးတပ် ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအနက် အမျိုးသမီးတစ်ဦး အပါအဝင် ၄၆ ဦးသာ ပြန်လွတ်ခဲ့သည်ဟု ဒေသတွင်းရှိ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
ပုသိမ် အကျဉ်းထောင်အတွင်း ပုသိမ်ခရိုင် ၇ မြို့နယ်က နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ရှိနေပြီး ထောင်တွင်း တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ပြီးဖြစ်သည့် နိုင်ငံရေး အကျဉ်းသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၁၉၀ နီးပါး ရှိလာပြီဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ဆိုသည်။