တရားလွှတ်တော် ရှေ့နေနှင့် နိုင်ငံရေး အကျဉ်းသား ၉ ဦးကို ထောင်ဒဏ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
ဧရာဝတီတိုင်း၊ ဖျာပုံ အကျဉ်းထောင်တွင်း တရားရုံးက တရားလွှတ်တော် ရှေ့နေတစ်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၉ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်သည်။
ဘိုကလေးမြို့ခံများ ဖြစ်သည့် NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင် အပါအဝင် နိုင်ငံ ရေး အကျဉ်းသား ၉ ဦးကို ပုဒ်မ ၅၀၅ -က ဖြင့် ဖျာပုံ အကျဉ်းထောင်၏ ထောင်တွင်း တရားရုံးကနေ အမိန့်ချ လိုက်ခြင်း ဖြစ်သည်ဟု NLD ပါတီ အသိုင်းအဝိုင်း ထံမှ သိရသည်။
ဖျာပုံခရိုင် တရားရေး ဌာန အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး က “စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒ ပြကြလို့ ဖမ်းဆီး ထောင်ချလိုက်တာ။ ဖမ်းထားတာ တစ်နှစ် ခွဲ ကျော်နေပြီ။ အခုမှ အမိန့်ချတာ။ ၉ ယောက် စလုံးအတွက် ချုပ်ရက် လျော့ရက်တွေကို လျော့ပေါ့ခံစားခွင့် ရရှိ မယ်“ ဟု ပြောသည်။
NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင် အပါအဝင် NLD ရုံး တာဝန်ခံ ကိုစိုးမင်း၊ NLD လူငယ်များဖြစ်သည့် ကိုဇော်မိုး၊ ကိုစံသိန်း၊ ကိုမြတ်မင်းခိုင်၊ ကိုဟိန်းသူရထွန်း၊ ကိုနေဝင်းလှိုင်၊ ကိုကံမြင့် နှင့် ဒေ သခံ လူငယ်တစ်ဦးတို့ကို ဒီဇင်ဘာလ ၁၉ ရက် နေ့က ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ခြင်း ဖြစ်သည်။
ဘိုကလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်က မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်တွင် ဧရာဝတီတိုင်း အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံထားရသူ ဖြစ်ပြီး နိုင်ငံရေးအမှုများနှင့် ဆင်းရဲနွမ်းပါးသည့် အမှုသည်များကို အခမဲ့ကူညီ အမှုလိုက်ပေးနေသော ရှေ့နေတစ်ဦး ဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့သည့် တရားလွှတ်တော် ရှေ့နေ ဦးဆန်းလွင် နှင့် NLD ပါတီက လူငယ် ၈ ဦးကို ၂၀၂၁ ခုနှစ် မေလလယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ယခုနှစ် နိုဝင်ဘာလအထိ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြ သည့် နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဝရမ်း ထုတ်ထားခံရသည့် ဧရာဝတီတိုင်း အတွင်းက ရှေ့နေ အယောက် ၂၀ ခန့် ရှိနေသည်ဟု ဥပဒေ အထောက်အကူပြုအဖွဲ့၏ မှတ်တမ်းစာရင်းများတွင် ဖော်ပြထားသည်။
ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ဟောင်း တစ်ဦးက “ရှေ့နေတွေက နိုင်ငံရေးအမှုတွေကို ဥပဒေပါ အချက် အလက်တွေနဲ့ ကိုးကားခုခံ လျှောက်လဲချက်တွေပေး နေ ကြပေမယ့် စစ်ကောင်စီရဲ့ အမိန့် ကိုဖတ်ပြပြီး တရား သူကြီး တရားစီရင်နေတာ“ ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့က မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း၏ ဗဟို အလုပ်အမှု ဆောင် တစ်ဦးဖြစ်သော နိုင်ငံရေး အမှုများနှင့် ဆင်းရဲနွမ်းပါးသည့် အမှုသည်များကို အခမဲ့ လိုက်ပါဆောင် ရွက် ပေးသူ ဟင်္သာတမြို့က အမျိုးသမီးတရား လွှတ်တော် ရှေ့နေ ဒေါ်ဧရာလင်းထွန်းလည်း ဖမ်းဆီးခံခဲ့ရသည်။
ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို ပုဒ်မ ၅၀၅-က ဖြင့် ဟင်္သာတ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်ချ မှတ်ခဲ့ သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။