နိုင်ကျဉ်းတစ်ဦးအား နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲတွင် ထောင်ဒဏ် ၁၁ နှစ်ကျော် အမိန့်ချခံထားရသည့် ပုသိမ်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းထွန်းနိုင်ကို စစ်ကောင်စီက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ထပ်
ချလိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ – ၁၂၂၊ ပုဒ်မ – ၁၂၄ အမှုနှစ်မှုဖြင့် စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်း တရားရုံးမှ ပုသိမ် ခရိုင် တရားသူကြီး ဒေါ်လှိုင်လှိုင်ဝေက ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အမိန့် ထပ်ချမှတ်ခဲ့ခြင်း ဖြစ်သည် ဟု ပုသိမ်ခရိုင် တရားရေးဌာနနှင့် နီးစပ်သူ အချို့က အတည်ပြု ပြောသည်။
ပုသိမ်မြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က “သူတို့ကို ဆန့်ကျင်တယ်၊ ဆန္ဒပြတယ် ဆိုပြီး လက်နက် အားကိုးပြီး အငြိုးနဲ့ ထောင်နှစ်ရှည် ချလိုက်တာပဲ” ဟု ပြောသည်။
ကိုဝင်းထွန်းနိုင်ကို စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်း တရားရုံးက ယခုနှစ် မေလအတွင်းက ပုဒ်မ ၅၂-က ဖြင့် ထောင်ဒဏ် ၅နှစ်၊ ပုဒ်မ ၅၀၅၊ ပုဒ်မ ၃၃၂ တို့ဖြင့် ထောင်ဒဏ် ၄ နှစ်၊ ဘေးစီမံ ပုဒ်မ ၂၅ အရ ထောင်ဒဏ်၂နှစ်၊ ထောင်တွင်း စည်းကမ်း ချိုးဖောက်သည် ဆိုကာ ပုဒ်မ ၄၂ အရ ထောင်ဒဏ် ၆ လ အပါအဝင် ၁၁ နှစ် ၆ လ ချမှတ်ထားပြီး ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့ မြစ်ဝကျွန်းပေါ်က တော်လှန်ရေး သပိတ် စစ်ကြောင်း၏ ဦး ဆောင်သူ တစ်ဦး အဖြစ်ပါဝင်ပြီး စစ်ကောင်စီကို ကန့်ကွက် ဆန္ဒပြခဲ့သူ ကိုဝင်းထွန်းသည် ယခင်က လူမှုရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးသာ ဖြစ်သည်။
ပုသိမ်မြို့ က ကိုဗစ်စင်တာ တစ်ခုတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သူ တစ်ဦးအဖြစ် လူသိများသူ ဖြစ်သည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
“သူ့ကို ရန်ကုန်မှာ ဖမ်းမိတာပါ။ ရန်ကုန် စစ်ကြောရေးမှာရော ပုသိမ်စစ်ကြောရေး စစ်ကြောခံရလို့ သေလု မျောပါး ခံခဲ့ရသေးတယ်။ ဆေးရုံမှာ အချုပ်နဲ့ တစ်လကျော် ဆေးကုခဲ့ရသေးတယ်” ဟု ကိုဝင်းထွန်းနိုင် နှင့် ရင်းနှီး သည့် မိတ်ဆွေတစ်ဦး က ပြောသည်။
စစ်ကောင်စီက ဝရမ်းထုတ် လိုက်လံ ဖမ်းဆီးခဲ့ခြင်းကြောင့် ရှောင်တိမ်းခဲ့ရသော ကိုဝင်းထွန်းနိုင်ကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများက ပြောသည်။
ပုသိမ်ထောင် အပါအဝင် ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင် ၅ ခုတွင် စစ်ကောင်စီကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ကြသည့် အတွက် ဖမ်းဆီး အကျဉ်းချခံထားရသော လူငယ်၊ ကျောင်းသား၊ နိုင်ငံရေး လူမှုရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း အယောက် ၁၆၀၀ နီးပါးရှိနေသည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများက ဆိုသည်။