လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

မြိတ်ခရိုင်၊ ပလနှင့် တနင်္သာရီမြို့တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား များ ၂ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ပလမြို့ ရဲစခန်းကုန်းမှ ၁ မိုင်ခန့်သာ ကွာဝေးသည့် တိုကျေးရွာ ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသား၂ ဦး သေဆုံးပြီး၊ ၂ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

“ပလ ဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ။ တဂျိမ်းဂျိမ်းနဲ့ လေးငါးခြောက်လုံး လောက်ရှိတယ်။ ပစ်တဲ့အချိန်မှာ နှစ်ဘက် တိုက်ပွဲဖြစ်တာမျိုး မရှိဘဲနဲ့ သက်သက်ပစ်တာ” ဟု အသက် ၄၅ နှစ်အရွယ် တိုကျေးရွာသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးမှာ ယနေ့အချိန်ထိ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပလမြို့အနီး မြိတ်-ပုလောသွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယာဉ်အသွားအလာများကို စစ်ဆေးမှု ပြုလုပ်နေချိန်တွင် စစ်ကောင်စီတပ်ဘက် က လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ခရီးသည်တင်ကား မောင်းသူများက ဆိုသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် PDF တပ်ဖွဲ့များက ပလရဲစခန်းကို ဝင်ရောက် ပစ်ခတ် ခဲ့သဖြင့် နှစ်ဖက် အပြန်အလှန် မိနစ် ၃၀ ခန့်အကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟုလည်း ပလ ဒေသခံများက ပြောသည်။

ထို ပစ်ခတ်သံများကြောင့် အနီးဝန်းကျင်က ရွာသားများ စိုးရိမ်ထိတ်လန့်ကာ နီးစပ်ရာ ဘေးလွတ်မည့် နေရာများ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်သေဆုံးမှုကို မခံရပ်နိုင်သဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သို့သော် စစ်ကောင်စီဘက်မှ ထိခိုက်မှု အခြေအနေကိုမူ မသိရှိရသေးဘူးဟု မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြား ရေးတာဝန်ခံ တစ်ဦးက ပြောသည်။

အလားတူ တနင်္သာရီမြို့နှင့် မျက်နှာချင်းဆိုင်တဘက်ကမ်းရှိ ဗောဓိကမ်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ခလရ (၅၆၁) တပ်ရင်းတို့က အနီးဝန်းကျင်ရှိ ကျေးရွာများထဲသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သဖြင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ မှ ညနေ ၆ နာရီ အချိန်ခန့်အထိ လက်နက်ကြီးများဖြင့် အချက်ရေ ၃၀ ထက် မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ သက်သက်မဲ့ ပစ်နေတာပါ။ လက်နက်ကြီး အချက်ရေ တော်တော်များတယ်။ ရွာ သားတွေကတော့ ထွက်ပြေးနေရတာ ဒီမနက်အထိ အိမ် မပြန်ရဲကြသေးဘူး” ဟု ရွာသားတစ်ဦးက ပြော သည်။

အဆိုပါ ပစ်ခတ်ခံရမှုအတွင်း ညောင်ပင်ကွင်း ကျေးရွာသား၄ ဦး၊ ဘန်လောကျေးရွာမှ ၂ ဦး၊ လက်နက်ကြီး ကျည် ထိမှန် ဒဏ်ရာရခဲ့ရာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ညောင်ပင်ကွင်းကျေးရွာနှင့် ဗောဓိကမ်းကျေးရွာများမှ ဒေသခံရွာသား စုစုပေါင်း ၃၀၀ နီးပါးခန့် နေအိမ် များမှ စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနှင့် ၉ ရက်နေ့ တို့တွင်လည်း ပုလောမြို့နယ် အတွင်း တိုကျေးရွာအပါအဝင် ပလမြို့ ရဲ စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၇ ရက် နေ့ ညကလည်း ပလမြို့အနီး မီးလောင်ချောင်းရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အပါအ ဝင် ပျူစောထီးအဖွဲ့တို့ကို တောကြီးမြွေဟောက်တပ်ဖွဲ့ King Cobra Force က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။