စစ်အုပ်ချုပ်ရေး ကြေညာမှု စစ်ကောင်စီအား တရားဝင် လူသတ်ခွင့်ပေးခြင်းဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်းလိုက်ခြင်းက ကရင်နီပြည်အတွက် ထူးခြားမှုမရှိနိုင်ဘဲ စစ်ကောင်စီအနေဖြင့် တရားဝင်လူသတ်ခွင့်ရသွားသည့် သဘောဖြစ်သည်ဟု ကရင်နီတော်လှန်ရေး အင်အားစုများက တုံ့ပြန်ပြောဆို လိုက်သည်။

စစ်အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး ၄ ခုနှင့် ပြည်နယ် ၄ ပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ် အား စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

ထိုသို့ ကြေညာလိုက်သော်လည်း ကရင်နီဒေသရှိ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံရသည့် မြို့နယ်များထဲတွင် ထူးခြား ပြောင်းလဲမှု မရှိနိုင် ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။

ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦး က “သူတို့ ဒီလိုကြေညာလိုက်ခြင်းအပေါ် ကျနော်တို့ဘက်မှာ သက်ရောက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ သူ့ဟာက ထုံးစံအတိုင်းပဲလေ။ သူတို့ မသတ်မှတ်ခင်ကတည်းက ကျူးလွန်နေပြီးသားပဲ။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက် က တောင်မှ အိမ်ကပစ္စည်းကို ပြန်လာယူတဲ့ ပြည်သူကို သတ်ပြီးမှ မသေလို့ လည်လှီးသလိုမျိုး လုပ်ထားတာ ပေါ့ နော်။ ဒါကြောင့် ကျနော်တို့အတွက်တော့ ထူးခြားမှု မရှိဘူးလို့ သုံးသပ်မိတယ်” ဟု ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး မကြေညာခင် ကတည်းက ဒီးမော့ဆိုမြို့နယ်အတွင်း ၎င်းတို့စခန်းချ ထားသည့် ကျေးရွာများနှင့် စစ်ကြောင်းထိုးနေသည့် ကျေးရွာများထဲ အရပ်သားပြည်သူများကို တွေ့ပါက နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းမျိုး ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ယခုကဲ့သို့ ကြေညာလိုက်ခြင်းက တရားဝင် လူသတ်ခွင့်ရသွားသည့် အနေအထားမျိုး ထုတ်ပြန်လိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ကရင်နီပြည်နယ်ထဲ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် မြို့နယ်များမှာ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ရှားတောမြို့နယ်တို့ ပါဝင်ပြီး အဆိုပါ မြို့နယ်အားလုံးမှာ စစ်ကောင်စီ နယ်မြေစိုးမိုးမှု လက်လွှတ် လိုက်ရသည့် မြို့နယ်များ ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ မြို့နယ် ၄ မြို့နယ်မှာ ကရင်နီတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဖြစ်သည့်တွက် စစ် ကောင်စီ တပ်ဘက်က လက်နက်ကြီးများ နေ့စဉ် ရမ်းသန်းပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုသည်။

စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်နှင့် ပတ်သက်၍ ကရင်နီပြည်တွင် စစ်အင်အား၊ လက်နက်အင်အား အများ ဆုံးနှင့် နယ်မြေအများဆုံး ထိန်းချုပ်ထားနိုင်သည့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၏ သဘော ထားကို မေးမြန်းရာ ပြန်ကြားရေး တာဝန်ရှိသူက ယခုကဲ့သို့ ပြောသည်။

“ဒီအပေါ်မှာတော့ ကျနော်တို့အနေနဲ့ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့က စောသေးတယ်လို့ ပြောချင်တယ်။ သူတို့ ကြေညာတာနဲ့ အရင်ကနဲ့က ကြီးကြီးမားမား ကွာဟချက် မရှိလောက်ဘူးလို့ ယူဆတယ်။ ဘာကြောင့်လဲ ဆို တော့ ကရင်နီပြည်မှာက သူတို့ ဥပဒေမဲ့ တရားလက်လွတ်မဲ့ အပြစ်မဲ့ ပြည်သူလူထုကို သတ်ဖြတ်နေတာက နေ့ စဉ်ညဆက်ပဲလေ။ ဆိုတော့ မာရှယ်လော ထုတ်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ထူးထူးထွေထွေ မှတ်ချက်ပေး စရာတော့ မရှိပါဘူး။”

ထို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ အတွင်းရေးမှူး ၂ ဦးအောင်မြင့်ဆန်းကလည်း စစ်အုပ် ချုပ်ရေး ကြေညာခြင်းက စစ်ကောင်စီအနေဖြင့် နယ်မြေမထိန်းချုပ်နိုင်တော့သည့် အခြေအနေကို ဖော်ပြလိုက် ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာများကို ဖြေကြားထားသည်။

ကရင်နီပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းနှင့် ပတ်သက်၍ ထူးခြားပြောင်းလဲမှု မရှိနိုင်သော် လည်း မြေပြင်တွင် စစ်ကောင်စီတပ်များ မည်သည့်ပုံစံမျိုး စစ်ကြောင်းထိုးလာနိုင်လဲ ဆိုသူကိုမူ စောင့်ကြည့်နေ ကြသည်ဟု ကရင်နီတော်လှန်ရေး အင်အားစုများက ပြောဆိုလိုက်သည်။