ကောလင်းဝန်းသိုနယ်အတွင် စစ်ရှောင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစပ်၊ ကောလင်း-ဝန်းသိုနယ်ထဲတွင် စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားသည်ဟု ဒေသ ခံများက ပြောသည်။

ကချင်နှင့် စစ်ကိုင်း အစပ်၊ ကောလင်း-ဝန်းသိုနယ်ထဲ စစ်ကောင်စီတပ်က လေကြောင်း ပစ်ခတ်မှုများအပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်လည်း မြေပြင်တွင် စစ်ရေးတင်းမာလျှက်ရှိပြီး လူထုကို ဖမ်းဆီး ခြင်း၊ ပစ်သတ်ခြင်းများ ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

ကောလင်း-ဝန်းသိုနယ် အစပ်တလျှောက်က ကျေးရွာများထဲ စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ညနေ ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာနှင့် ၄ ချက်ခန့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် ဝန်သိုတပ်ကနေ ၁၀၇ မမကျည်များနှင့် လှမ်းပစ်ခဲ့သည်ဟု ကောလင်း info ကနေ ထုတ်ပြန်ထားသည်။

အလားတူ ကောလင်း-ဝန်းသို-ဘုရားတောင်ဘက်တွင် အသက် ၃၀ အရွယ် စစ်ရှောင် အမျိုးသားတစ်ယောက်ကို လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီခွဲကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက ပစ်သတ် လိုက်သည်ဟု ဒေသခံအမျိုးသားကြီး တစ်ဦးက ပြောသည်။

“သူ့ကို ဟိုကနေ ကျနော်တို့ ညောင်ပင်သာ၊ ညောင်ပင်သာကနေပြီးတော့ ပုဒ္ဒမာ၊ ပုဒ္ဒမာကနေပြီးတော့ တောင် အင်း၊ တောင်အင်းကနေ ဝန်းသိုနယ် သဲချောင်းဘက်ကို ကျော်တာဗျ။ အဲ့ကနေ သဲချောင်းဘက်ကို မရောက်ဘဲနဲ့ ဘုရားတောင်ဘက်ကို ဘယ်ဘက်ကို လမ်းခွဲလိုက်တော့ တောင်ပို့က စစ်ဘေးရှောင်အဖွဲ့ထဲက ထူးနိုင်ဆိုတဲ့ ကောင်လေးကို ဘုရားတောင်ရွာဝင်ဝင်ချင်းမှာ သွားတွေ့တာ။ သွားတွေ့တဲ့အခါ ကောင်လေးက ကြောက်ပြီး တော့ ပြေးတာကိုး။ ပြေးတော့ မပြေးနဲ့ဆိုပြီးတော့ ဟိုကောင်လေးက လှည့်မကြည့်ဘူး ဆက်ပြီးပြေးတော့ နောက်ကနေ သေနတ်နဲ့ပစ်လိုက်တာ။ နောက်စေ့ကိုမှန်ပြီးတော့မှ မျက်နှာဘက်ကို ပွင့်ထွက်သွားတာတဲ့။”

စစ်ကောင်စီတပ်သားများက ပစ်သတ်လိုက်သည့် စစ်ရှောင်အမျိုးသားမှာ အသက် ၃၀ အရွယ် ကိုထူးနိုင်ဆိုသူ ဖြစ်သည်။ ပစ်သတ်ခံလိုက်ရသည့် ကိုထူးနိုင်၏ ရုပ်ကအလောင်းကို ရွာအဝင်ရှိ အိမ်ဝန်းတစ်ဝန်းထဲ ဆွဲသွင်းခဲ့ပြီး စစ်သားများက ထိုရွာမှ ထွက်သွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

“အဲ့ဒီရွာအရှေ့ ဝင်ဝင်ချင်း ဒေါ်တင်နွဲ့ရဲ့ အိမ်ဝန်းထဲကို ဆွဲသွင်းပြီးတော့ မှောက်ထားခဲ့တယ်တဲ့။ မှောက်ထားခဲ့ ပြီးတော့ သူတို့ကတော့ သွားလိုက်တော့တာပေါ့ဗျာ။ ရွာသားတွေကတော့ သူတို့ မရှိတော့ အဲ့ဒီအလောင်းကို ကောက်ပြီးတော့ ကားနဲ့ တင်သွားတယ်လို့ ပြောတယ်။ အခုတော့ တောင်အင်းကနေ ဒုံးတုတ်ချောင်းဘေးက အင်ကပိုဆိုတဲ့ ရွာကို ရောက်တယ်တဲ့။ အဲ့ဒီရွာကိုရောက်တော့ ရွာသားတွေက တောထဲမှာ ပြေးလိုက်လွှားလိုက် ဖရိုဖရဲ ဖြစ်နေတယ်တဲ့။ ဒီအခုလာတဲ့တပ်က ကောလင်းမှာ တိုက်ပွဲဖြစ်ပြီးတော့ ကူညီဖို့အတွက် တက်ခဲ့တာ နေမှာ။”

ကောလင်း-ဝန်းသို အစပ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၃ နာရီအထိ ဝန်းသိုတပ်က လက်နက်ကြီး ကျည် များနှင့် ပစ်လိုက်နားလိုက် လုပ်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက အတည်ပြုပြောသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းက ပစ်လိုက်သည့် လက်နက်ကြီးကျည်များအနက် ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာ၊ အရှေ့ဘက်တွင် တစ်လုံးနှင့် အနောက်ဘက်တွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မြေပြင်ရော၊ ဝေဟင်ထိုးမှပါ စစ်ဆင်မှုများ လုပ်နေသောကြောင့် ကောလင်း-ဝန်းသို အစပ်တလျှောက်ရှိ ရွာပေါင်း ၁၅ ရွာခန့်က ဒေသခံများ စစ်ဘေးလွတ်နိုင်မည့် နေရာများတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ကောလင်း-ဝန်းသို အစပ်လျှောက် စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းမှာ ကုက္ကိုကုန်းကျေးရွာနှင့် ညောင်ပင် သာကျေးရွာ မီးရှိုခဲ့သည့် ခလရ – ၃၆၉ တပ်ဖြစ်ပြီး တပ်ရင်းမှူး ဗိုလ်မှူးသက်ပိုင်မြင့် ကိုယ်တိုင် ပါဝင်သည်ဟု ကောလင်း info မှ ထုတ်ပြန်ထားသည်။